Wednesday , May 31 2017
Home / FNews / ကလေးအလုပ်သမားပပျောက်ရေးမှာ နိုင်ငံအတွက်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေ

ကလေးအလုပ်သမားပပျောက်ရေးမှာ နိုင်ငံအတွက်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေ

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ မတ်လ(၁၃)ရက်။

ကလေးအလုပ်သမား ပပျောက်ရေးမှာ နိုင်ငံတကာ၌ကြုံတွေ့နေရသည့်ကိစ္စတစ်ရပ်ဖြစ်နေပြီး မြန်မာ့နိုင်ငံ အတွက်လည်း ကြီးမာသည့်စိန်ခေါ်မှုဖြစ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုလိုက်သည်။

“ကလေးအလုပ်သမား ပပျောက်ရေးဟာ မျက်မှောက်ခေတ်ရဲ့Global Issue တစ်ခုဖြစ်ပြီး နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေးဟာ အမျိုးသားရေးကိစ္စ ဖြစ်ပါတယ်။” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မတ်လ (၁၃)ရက်က ကျင်းပသည့် ကလေးအလုပ်သမား ပပျောက်ရေး အစီအစဉ်၊ ကလေးအလုပ်သမားဆိုင်ရာအမျိုးသားအဆင့်ညှိုနှိုင်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် ၀န်ကြီးက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

ကလေးလုပ်သားပပျောက်ရေးမှာ အမျိုးသားရေးကိစ္စဖြစ်ပြီး ကာလတိုဆောင်ရွက်၍ မရနိုင်ခြင်းကြောင့် ကဏ္ဍပေါင်းစုံမှ လက်တွေ့ကျကျအကောင်အထည် ဖော်ဆောင်ရွက်နိုင်သည့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပေါ်ထွက်လာရန်မှာလည်း အရေးကြီးကြောင်း ၀န်ကြီးက ပြောသည်။

မြန်မာနိုင်ငံ၌ ကလေးလုပ်သား(၁.၂)သန်းခန့်ရှိပြီး ထက်ဝက်ကျော်မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြောင်းလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

“ကျွန်တော်သားလေးက အခုမှ (၁၂)နှစ်ပဲရှိပါသေးတယ်။ သားလေးကို ဘယ်အလုပ်ခိုင်းချင်ပါ့မလဲ ကျောင်း ထားချင်တာပေါ့။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ငယ်ငယ်လေးနဲ့ အလုပ်မခိုင်းချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ လုပ်အားခက အရမ်းနည်းတော့ မိသားစုစားဖို့ မလုံလောက် တာကြောင့် အလုပ်ခိုင်းရတာပါ။ ကလေး လုပ်သားပပျောက်ဖို့အတွက်ဆိုရင် အစိုးရက လုပ်အားခတွေကို တိုးမြင့်ပေးပြီး ကုန်ဈေးနှုန်းတွေ၊ အိမ်ငှားခတွေ လျှော့ချပေးရင် ကလေးလုပ်သားက အလိုလိုပျောက်သွားမှာပါ။” ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင်အလုပ်လုပ်နေသည့် ကိုအောင်အောင်က ပြောသည်။

ကမ္ဘာတစ်ဝှမ်း၌ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်စေသည့်အလုပ်များမှ ရုန်းမထွက်နိုင်ဘဲ ခိုင်းစေခံနေရသည့် ကလေးအလုပ်သမား(၁၆၈)သန်းခန့်ရှိပြီး (၈၅)သန်းခန့်မှာ ဘေးအန္တရယ်ရှိသည့် ပတ်ဝန်း ကျင်များတွင် လုပ်ကိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ အစည်း (ILO) စစ်တမ်းများအရ သိရသည်။

 

Check Also

၂၁ ရာစုပင်လုံတက်ရောက်ပြီး မိုးကုတ်မြို့သို့ ပြန်ရောက်လာသူများကို ဒေသခံလီဆူတိုင်းရင်းသားများ ကြိုဆို

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေ ၃၁ ရက်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ လီဆူလူမျိုးများ ကိုယ်စားတက်ရောက်၍ မေ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး …