Saturday , March 10 2018
Home / FNews / မြန်မာ့ ရာဘာအထွက်နှုန်းလျော့နည်းလာသည့်အတွက် ဧပြီလကုန်တွင် ရာဘာဈေးထပ်မံ မြင့်တက်နိုင်

မြန်မာ့ ရာဘာအထွက်နှုန်းလျော့နည်းလာသည့်အတွက် ဧပြီလကုန်တွင် ရာဘာဈေးထပ်မံ မြင့်တက်နိုင်

စောခ(မြစ်မခ)

မြန်မာနိုင်ငံမှ ရာဘာအထွက်နှုန်းလျော့နည်းလာသည့်အတွက် ဧပြီလတွင် ရာဘာဈေးထပ်မံ မြင့်တက် လာကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

ရာသီဥတုပူပြင်းမှုကြောင့်  ရာဘာအစေးထွက်မှုလျော့နည်းလာသည့်အတွက် မြန်မာ့ရာဘာသည် မတ်လ အတွင်းက RIBBED SMOTH SHEET(RSS3) ရာဘာအမျိုးအစားသည် တစ်ပေါင်လျှင် ၆၅၀ ကျပ် ဝန်းကျင် ရှိရာမှ ဧပြီလတတိယအပတ်အတွင်း တစ်ပေါင်လျှင်  (၇၀၀) ကျပ်ဝန်းကျင်သို့ ထပ်မံမြင့်တက်လာကြောင်း သိရသည်။

“အရှေ့တောင်အာရှမှာ  အယ်လ်နီညို ရာသီဥတုကလည်းရှိနေတော့ ရာဘာအထွက်နှုန်းတွေကျသွားတယ်။ ရာဘာက ပူရင် အစေးမထွက်ဘူး။ ဒါကြောင့် ဝယ်လိုအားလေးရှိနေတဲ့အခါမှာ ရာဘာဈေးက တက်လာတဲ့ သဘောပါပဲ။”ဟု မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး  ဦးခိုင်မြင့်က ပြောသည်။

မြန်မာ့ရာဘာသည် သစ်ရွက်ကြွေချိန်ဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အစေးထုတ်ယူမှု ရပ်နား ထားရပြီး နောက်ပိုင်းတွင် ရာဘာအထွက်နှုန်းလျော့နည်းလေ့ရှိသော်လည်း ရာသီဥတုပူပြင်းပါကလည်း
ရာဘာအစေးထွက်မှုမှာ လျော့နည်း ကြောင်း သိရသည်။

“မွန်ပြည်နယ်မှာတော့ ရာသီဥတုက ပုံမှန်ပဲဖြစ်နေသေးတယ်။ ဒါပေမယ့် အစေးထွက်မှုက တော်တော်လေး နည်းသွားတယ်။ ရာဘာခြံပိုင်ရှင်တစ်ချို့ဆိုရင် အစေးထုတ်ယူမှုကို မလုပ်ကြတော့ဘူး။ ဒီအတိုင်း ပစ်ထားကြတာများတယ်။” ဟု မွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်များအသင်း ဥက္ကဌ နိုင်ကျန်ရစ်ကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် သြဂုတ်လနှင့် ယှဉ်လျှင် ၂၀၁၆ ခုနှစ် ဧပြီလတွင်  ရာဘာထွက်ရှိမှုသည် သုံးပုံတစ်ပုံ ခန့်လျော့နည်းလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးသည့် ဧကမှ ၂၀၁၅-၁၆ ခုနှစ်တွင် ၁.၆ သန်းရှိပြီး တရုတ်နိုင်ငံမှ အဓိက ဝယ်ယူလျက်ရှိပြီး ၂၀၀၉-၁၀ တွင် ပြည်ပသို့  တန်ချိန် (၉) သောင်းကျော် ၂၀၁၁-၁၂ တွင် တန်ချိန် (၈) သောင်းကျော် ၂၀၁၃-၁၄ တွင် တန်ချိန် (၇၈၀၀၀) ထောင်ကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီတွင် တန်ချိန် (၈)သောင်းကျော် တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

Check Also

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ …