Friday , December 1 2017
Home / FNews / တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံထုတ်ဖုန်းများထက် ပြည်တွင်းမှတင်သွင်းသည့်ဖုန်းများ အရောင်းသွက်နေ

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံထုတ်ဖုန်းများထက် ပြည်တွင်းမှတင်သွင်းသည့်ဖုန်းများ အရောင်းသွက်နေ

 

ကိုမင်း (မြစ်မခ)

တာချီလိတ် – နိုဝင်ဘာ(၁၃) ရက်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးနှုန်းကွာခြားမှုကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့်ဖုန်းများထက် ပြည်တွင်းမှတင်သွင်းသော နာမည်ကြီး Brand နှင့် ဈေးသက်သာသည့်ဖုန်းများ အရောင်းသွက်လာကြောင်း သိရှိရသည်။

“ဆိုင်မှာအရောင်းသွက်တာ ပြည်တွင်းက တင်သွင်းတဲ့ Oppo၊ Samsung လို နာမည်ကြီး Brand တွေ အရောင်းသွက်တယ်။ ဈေးသက်သာပြီး အရည်အသွေးလည်း တအားမဆိုးတဲ့ ILovFa လို Brand တွေလည်း အရောင်းသွက်ပါတယ်။”ဟု Top Mobile ဖုန်းရောင်းဝယ်ရေးနှင့်ပြုပြင်ရေးဆိုင်မှ ကိုဆန်းမင်းဦးက ပြောသည်။

တာချီလိတ်မြို့တွင် ယခင်က ထိုင်းနိုင်ငံမှတင်သွင်းသောဖုန်းများက အရောင်းအဝယ်ကောင်းခဲ့သော်လည်း ထိုင်းနိုင်ငံ၏အခွန်ကြီးမြင့်မှုကြောင့် ဈေးနှုန်းများလည်း မြင့်သဖြင့် ပြည်တွင်းမှ တင်သွင်းသည့် ဖုန်းများမှာကို ဝယ်ယူမှုများလာခဲ့ခြင်းဖြစ်သည်။

“ဖုန်းတွေက Brand အတူတူ၊ Class လည်း တူတယ်။ ဒါပေမယ့် ဈေးနှုန်းက ထိုင်းကပစ္စည်းက ဈေးပိုကြီးတယ်။ အဓိကတော့ ကျွန်တော်တို့ နိုင်ငံကို တရားဝင်တင်သွင်းတဲ့ဖုန်းတွေက အခွန်ဈေးနှုန်းရယ် လူတိုင်းသုံးနိုင်အောင် ဆိုပြီး ဈေးချပေးတာ။”ဟု Oppo ကုမ္ပဏီမှ Marketing leader ဖြစ်သူ ကိုစိုင်းမျိုးထိုက်က ပြောသည်။

ပြည်တွင်းဈေးကွက်အနေဖြင့်လည်း ယခင်က တာချီလိတ်မြို့ ဖုန်းဈေးကွက်မှတဆင့် ထိုင်းနိုင်ငံမှ ဖုန်းများမှာယူ တင်သွင်းခဲ့ကြသော်လည်း ယခုအချိန်တွင် ဈေးနှုန်းကွာခြားမှုနှင့် အာမခံစနစ်မသေချာမှုကြောင့် ထိုင်းနိုင်ငံမှ ဖုန်းများမှာ ရောင်းချရခြင်းမရှိတော့ကြောင်း သိရသည်။

တာချီလိတ်ဈေးကွက်အတွင်း အရောင်းသွက်လျှက်ရှိသော Oppo R7 L မှာ ဘတ် ၉၅၀၀ (၃၉၉၀၀၀ ကျပ်) ခန့်နှင့် Samsung A8 မှာ ဘတ် ၁၆၀၀၀ ကျော် (၄၄၈၀၀၀ ကျပ်) နှင့် ILovFa အမျိုးအစားများမှာ ဘတ်၂၀၀၀ (၅၆၀၀၀ ကျပ်) ခန့်မှ ဘတ် ၃၅၀၀ ခန့် (၉၈၀၀၀ ကျပ်) ဈေးကွက်အတွင်း ရောင်းချလျှက်ရှိကြောင်း သိရသည်။

 

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …