Monday , November 27 2017
Home / သတင်း / စီးပွားရေးသတင်း / ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သုံးနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်း သုံးဆကျော်မြင့်တက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သုံးနှစ်အတွင်း အိမ်ခြံမြေဈေးနှုန်း သုံးဆကျော်မြင့်တက်

 

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ နိုဝင်ဘာ ၉ ရက်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်းသည် သုံးနှစ်အတွင်း သုံးဆကျော်အထိမြင့်တက်လာ ကာ အရောင်းအဝယ်ကောင်းနေကြောင်း တောင်ကုတ်မြို့ရှိ အိမ်ခြံမြေအရောင်း အဝယ်လုပ်ကိုင်သူများထံမှ သိရှိရသည်။

တောင်ကုတ်မြို့တွင် စီးပွားရေးနှင့် အလုပ်အကိုင်ဖွံ့ဖြိုးခြင်းများနှင့် အကြမ်းဖက်အန္တရာယ်အတွက် လုံခြုံရေး စိတ်ချရခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း ပြောင်းရွှေ့ နေထိုင်သူများလာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရကြောင်း သိရသည်။

“အိမ်ခြံမြေဈေးက တစ်နှစ်ထက် တစ်နှစ်ဆက်တိုက် တက်လာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းက နေရာ ဒေသအလိုက် ကွဲပြားခြား နားမှုရှိပါတယ်။ အဓိကတော့ ရခိုင်မြောက်ပိုင်းမှ ရွှေ့ပြောင်းလာသူတွေ ဝယ်ယူမှုနဲ့ မြို့ခံ လုပ်ငန်းရှင်အချို့က အမြင့်ဈေးကို မျှော်မှန်းပြီး မြို့ခံနဲ့ ပြည်တွင်း လုပ်ငန်းရှင် အချို့မှ ရင်းနှီးမြှုပ်နှံမှုများ လာတာကြောင့်လည်းပါတယ်။”ဟု တောင်ကုတ်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးမိုးနိုင်စိုးက ပြောသည်။

တောင်ကုတ်မြို့တွင် ၂၀၁၄ ခုနှစ်အတွင်းက မြို့ပေါ်ရပ်ကွက်များနှင့် မြို့ပြဆင်ခြေဖုံး ကျေးရွာများအတွင်းနေရာ ဒေသကိုလိုက်ပြီး ပေ(၄၀x၆၀) မြေတစ်ကွက်လျှင် ပျမ်းမျှ ကျပ်သိန်း(၂၀)မှ ကျပ်သိန်း(၆၀)ဝန်းကျင် ဈေးပေါက် ခဲ့ရာ လက်ရှိတွင် ကျပ်သိန်း(၇၀)၀န်းကျင်မှ ကျပ်သိန်း(၂၀၀)ဝန်းကျင်ထိ မြင့်တက်နေကြောင်း သိရသည်။

“ကျွန်မတို့က ကိုယ့်ဒေသမှာ ကျူးကျော်ဘင်္ဂါလီတွေကြောင့်နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘဝနဲ့ မနေချင်တော့ဘူး။ ဒါကြောင့် တောင်ကုတ်ကို ရာသက်ပန်ရွှေ့ပြောင်းလာပြီး တောင်ကုတ်တက္ကသိုလ်အနီး ကိုင်းရှည်ရွာမှာ ခြံတစ်ခြံကို သိန်း(၈၀)နဲ့ ဝယ်ပြီး နေပါတယ်။”ဟု မောင်တောမြောက်ပိုင်း ငါးခူရကျေးရွာမှ ရွှေ့ပြောင်း အခြေချလာသူ ဒေါ်ပုစုမကပြောသည်။

တောင်ကုတ်မြို့သည် စီးပွားရေးအချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ကာ ဘင်္ဂါလီများမရှိခြင်းကြောင့် ဘူးသီး တောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ ဒေသခံများ လာရောက် ပြောင်းရွှေ့နေထိုင်သူများလာ ကြောင်း သိရသည်။

Check Also

ရှမ်းတောင် ရွာငံဒေသထွက် ကော်ဖီစေ့များ ပြည်ပနိုင်ငံများသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရဖြစ်နေ

  မြတ်မိုးသူ (မြစ်မခ) တောင်ကြီး၊ သြဂုတ် ၂၉ ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံဒေသမှ ထွက်ရှိသည့် ကော်ဖီစေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့နေရ သော်လည်း ပြည်တွင်းဝယ်လက်များက …