Friday , September 22 2017
Home / သတင်း / စီးပွားရေးသတင်း / ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ(၁၉)ရက်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်(၃)ခု အကောင်အထည်ဖော်နေပါတယ်။ အဲ့ဒီထဲမှာ ရခိုင်ပြည်နယ်၊ ကျောက် ဖြူခရိုင်အတွင်း တည်ရှိနေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင်ဖြစ်ပါတယ်။ ကျောက်ဖြူအထူးစီးပွား ရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်တွေ ပါဝင်တဲ့အတွက် ဒီမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက်ကျွန် တော်အနေနဲ့  ဖိတ်ခေါ်ပါတယ်။”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးတိုးအောင်မြင့်က ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် စက်တင်ဘာ(၁၈)ရက် က ကျင်းပသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲ တွင် အမြဲတမ်းအတွင်းဝန်က ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ရှိ မဒေးကျွန်းတွင် ရေနံတင်ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် South East Asia Pipeline(SEAP) ကုမ္ပဏီတို့ အကျိုး တူ ပူးပေါင်း၍ South East Asia Crude Oil Pipeline ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ကာ ကျောက်ဖြူ-မင်းကူ ရေ နံစိမ်း သယ်ယူပို့ဆောင်ရေးတည်ဆောက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ မိတ်ဆက်လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံ လာပြီးတော့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အတွက်လည်း သူတို့အရမ်းစိတ်ဝင်စားတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးရယ်၊ လျှပ်စစ် Supply မပေးနိုင်တော့ သူတို့က တော်တော်များများက လာချင်တယ်။ ဒါပေမဲ့ လာနိုင်ဖို့ကို အခွင့်အရေးကို ဒီဘက်က မဖန်တီးတော့ ထင်သလောက်တော့ မလာဘူး။ ဒီကိုလာပြီးတော့ ရင်းနှီးမြှုပ်နှံချင်တာ။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဖြန့်ဖြူးပိုင်းမှာ Supply ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါမှနိုင်ငံခြား သားတွေ ရင်းနှီး မြှုပ်နှံမှု ပိုပြီးများလာမယ်။” ဟု Yunnan Provincial General Chamber of Commerce (YPGCC) ဒုတိယ ဥက္ကဌ Mr.Yan Yu ကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုံတည်ဆောက်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်က လွှတ်တော်တွင် အတည်ပြု ပြီး ယင်းစီမံကိန်း ဖော်ဆောင်ရန် တရုတ်ကုမ္ပဏီ CITIC အုပ်စုမှ တင်ဒါရရှိထားပြီးဖြစ်သော်လည်း လက်ရှိ အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မည့် သတ်မှတ်ဧရိယာသည် ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာ ပေါင်း(၃၅)ရွာမှ  လယ်မြေ(၉၉၈.၅၀)ဧက၊ မြေလွတ်မြေရိုင်း (၁၈၆၉.၃၃)ဧက၊ ဥယျဉ်မြေ(၆၄၅.၉၅)၊ ဓနိမြေ (၇၂.၀၀) ဧကနှင့် အခြားအသုံးပြုခွင့်မြေ(၁၁၅.၇၀)ဧက၊ လမ်းမြေ(၂.၄၀)ဧက၊ ဆည်၊ ကန်နှင့် တာတမံ မြေ ဧက(၄၉၆.၉၆)ဧက သတ်မှတ်ထားကြောင်း သိရသည်။

Check Also

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ဖွင့်လှစ်မည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ သြဂုတ် ၁၅ ရက်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆိုပြုလွှာများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရုံးခွဲကို ၂၀၁၇ ခုနှစ် …