Friday , September 22 2017
Home / FNews / ရှမ်းတောင် ရွာငံဒေသထွက် ကော်ဖီစေ့များ ပြည်ပနိုင်ငံများသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရဖြစ်နေ

ရှမ်းတောင် ရွာငံဒေသထွက် ကော်ဖီစေ့များ ပြည်ပနိုင်ငံများသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရဖြစ်နေ

 

မြတ်မိုးသူ (မြစ်မခ)

တောင်ကြီး၊ သြဂုတ် ၂၉ ရက်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံဒေသမှ ထွက်ရှိသည့် ကော်ဖီစေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့နေရ သော်လည်း ပြည်တွင်းဝယ်လက်များက ဈေးကောင်း မပေးသဖြင့် ကော်ဖီစိုက်တောင်သူများ အခက်အခဲ တွေ့နေရကြောင်း နွားဘန်းကျေးရွာကော်ဖီအစုအဖွဲ့ ဥက္ကဌ  ဦးမျိုးလေးထံမှ သိရှိရသည်။

ရွာငံဒေသထွက် ကော်ဖီစေ့များကို ကမ္ဘောဒီးယား၊ ထိုင်ဝမ်၊ အမေရိကန်၊ ထိုင်းနှင့် လာအိုနိုင်ငံများထံ တင်ပို့ ရောင်းချနေရသော်လည်း သီးနှံအာမခံချက်မရှိဘဲ အရောင်းအဝယ်ဖြစ်နိုင်သည့် ဈေးဖြင့် ရောင်းချနေရကြောင်း သိရသည်။

“ရွာငံမှထွက်တဲ့ ကော်ဖီက မြန်မာ့ဈေးကွက်ရော ကမ္ဘာ့ဈေးကွက်မှာပါ အထူးတန်းဝင်တဲ့၊ အရည်အသွေးပြည့်မီ တဲ့ ကော်ဖီဖြစ်ပေမယ့် ဈေးကောင်းမရဘူး။ အထွက်နှုန်းက ထွက်သင့်တာမထွက်ဘူး။ နည်းပညာလိုတယ်။ သီး နှံ အာမခံဈေးမရှိဘဲ ဖြစ်တဲ့ဈေးနဲ့ရောင်းနေရတယ်။”ဟု ဦးမျိုးလေးကပြောသည်။

ရွာငံမှ ထွက်ရှိသည့်ကော်ဖီကို ကမ္ဘာ့အသိအမှတ်ပြုအဆင့်(၈၄)အဖြစ် သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံတွင်  အထူးတန်းဝင်အဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ အောက်ခြေမှာ တစ်ပြည်ကို တစ်ထောင်ကျပ်ပဲရတယ်။ အထက်မှာ တစ်ပိဿာကို နှစ် သောင်းအထိ ရောင်းစားရတယ်။ သူတို့ရောင်းဈေးထက် တစ်ဝက်နှုန်းနဲ့ဝယ်ပေးရင်တောင် ကော်ဖီကို အသက် မွေးဝမ်းကျောင်းအနေနဲ့ စိုက်ပျိုးလို့ရတယ်။ အခုတော့ ကော်ဖီကို အရံသီးနှံအဖြစ်နဲ့ပဲ စိုက်နိုင်တယ်။ အခြားသီး နှံ ဦးစားပေးစိုက်ပျိုးနေရတယ်။”ဟု ဦးမျိုးလေးက ပြောသည်။

ရွာငံမြို့တွင် ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၂၈)စု၊ ရွာပေါင်း(၁၂၈)ရွာ၊ လူဦးရေ(၈)သောင်းကျော်ရှိပြီး နွားဘန်းရွာတွင် ကော်ဖီစိုက်ပျိုးသည့်တောင်သူ(၇၀၀)ကျော်ရှိသည့်အနက် နွားဘန်းကျေးရွာကော်ဖီအစုအဖွဲ့ကို စိတ်ပါဝင်စားသူ(၁၅၀)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ကော်ဖီသည် နှစ်ရှည်ပင်ဖြစ်သဖြင့် ရင်းနှီးငွေလိုအပ်ကာ လက်ရှိအစိုးရက ကော်ဖီစိုက်တောင်သူများအတွက် ချေးငွေကို (၁)သိန်းသာပေးနေသဖြင့် နှစ်ရှည်ချေးငွေအဖြစ် (၅)သိန်းအထိ ချေးပေးထားနိုင်မယ်ဆိုပါက တောင်သူများ အဆင်ပြေနိုင်ကြောင်း သိရသည်။

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …