Friday , September 22 2017
Home / သတင်း / စီးပွားရေးသတင်း / သတ္တု၊ ရွှေနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဗဟိုဈေးကွက် တည်ဆောက်နေချိန်တွင် ယာယီဈေး ကွက်နေရာတစ်ခု ဖော်ဆောင်နိုင်ရန်စီစဉ်နေ

သတ္တု၊ ရွှေနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဗဟိုဈေးကွက် တည်ဆောက်နေချိန်တွင် ယာယီဈေး ကွက်နေရာတစ်ခု ဖော်ဆောင်နိုင်ရန်စီစဉ်နေ

ယမုံ (မြစ်မခ)

ရန်ကုန်၊ သြဂုတ်(၂၉)ရက်။

မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် သတ္တု၊ ရွှေနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဗဟိုဈေးကွက် တည်ဆောက်နေချိန်တွင် ယာယီဈေးကွက်ဖော်ဆောင်နိုင်ရန် ရန်ကုန်မြို့ရှိ (၆)မိုင် အနီးဝန်း ကျင်တွင်လုပ်ဆောင်နိုင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ သြဂုတ်(၂၈)ရက်က ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲပြုလုပ်ခဲ့ကာ ယာယီဈေးကွက်ဖော်ဆောင်မည်ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။  

“အန်ကယ်တို့ ခန့်မှန်းချေကတော့ (၁)နှစ် စီမံကိန်းနဲ့ (၂)နှစ်စီမံကိန်းပါ။ တည်ဆောက်ရေး စီမံကိန်းတွေ လုပ် နေတဲ့ ကာလမှာ ဈေးကွက်ပေါ်ပေါက်ဖို့ အတွက်ကတော့ ရန်ကုန် ၆ မိုင်ခွဲမှာ ယာယီဈေးကွက် စတင်နိုင်ဖို့ကြိုး စားနေပါတယ်။ ဒါကတော့ အန်ကယ်တို့ ပြင်ဆင်ပြီးရင် သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပါမယ်။ အဲ့အချိန်ကျရင် တော့ အတည်ပြုချက်ပေးပါမယ်။”ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောသည်။

သတ္တု၊ ရွှေနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေး ဗဟိုဈေးကွက်ကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း  ဒေသကြီးနှင့် နေပြည်တော်တို့၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြေဧက(၇၀)ဝန်းကျင်မှ (၁၀၀) ဝန်းကျင်၌ ပထမဦးဆုံးတည် ဆောက်သွားမည်ဖြစ်၍ ဗဟိုဈေးကွက်မူဝါဒဆိုင်ရာများကိုလည်း ပြည်ပနိုင်ငံများရှိ မူဝါဒများကို မှီငြမ်း၍ မြန်မာနိုင်ငံရှိ ဥပဒေများ၊ တည်ဆဲဥပဒေများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“သယံဇာတ ဗဟိုဈေးကွက်ဖြစ်တဲ့ ကျောက်မျက်အချောထည်၊ ရွှေ ဒါတွေ အားလုံးက နိုင်ငံတကာအဆင့်မီ ရွှေနဲ့ ကျောက်မျက်အချောထည်၊ ရွှေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာ အဲ့ဒါတွေအားလုံး သတ္တုတွင်းထွက် မျိုးစုံ ရောင်းဝယ်တဲ့ ဗဟိုဈေးကွက်ကြီးမှာ လုပ်ပါမယ်။ အဲ့လိုဈေးကွက်ကြီး ဖော်ဆောင်ဖို့ ကိုယ့်နိုင်ငံက ထွက်ရှိ တဲ့ သယံဇာတပစ္စည်းတွေက ကိန်းဂဏန်းအတိ အကျမရှိပါဘူး။ လွတ်နေတဲ့ အခွန်တွေ ရသင့်ရထိုက်တာ ရမှာ ပါ။ ဒီကနေ အချောထည်ထုတ်လုပ်ခြင်းကြောင့် စက်ရုံအလုပ်ရုံတွေ ပေါ်လာမယ်။ နိုင်ငံတော်အတွက် အခွန် တွေ ပိုရမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလ မယ်။ တရားမဝင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ နည်းပါးသွားမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေအတွက် အာမခံဈေးကွက် တစ်ခုဖြစ်လာမယ်။” ဟု ဦးခင်မောင်ဟန်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားသည့် ရွှေဗဟို ဈေးကွက်အတွင်းသို့ ပြည်ပ နိုင်ငံပေါင်း (၃၀)ဝန်းကျင်မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ ရွှေထည်ပစ္စည်းတွေ သတ္တု ပစ္စည်းတွေ ကျောက်မျက်ရတနာ ပစ္စည်းတွေ ကို ကျောက်မျက်ရတာနာပြပွဲ (MOM) တွေရှိမှ တစ်နှစ် (၂)ကြိမ်၊ (၃)ကြိမ် မဟုတ်ဘဲ (၂၄) နာရီနဲ့ တစ်နှစ်ပတ် လုံးရောင်းဝယ်နိုင်တဲ့ ရွှေနဲ့ ကျောက်မျက်ရောင်းဝယ်ရေးစင်တာတွေဖွင့် လှစ်ဖို့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းထားပါတယ်။ ဒါကြောင့် ရောင်းကြ၊ ဝယ်ကြမယ်။ ဒီကထုတ်လုပ်မယ်။ ဒီမှာပဲ အခွန်ဆောင်မယ်။ နိုင်ငံ ခြားပဲ ရောင်းရောင်း၊ ပြည်တွင်းမှာပဲ ရောင်းရောင်း။ ဒီနည်းတူစွာ ဆက်စပ်နေတဲ့ လက်မှုလုပ်ငန်းတွေ အခြားဝန် ဆောင်မှု လုပ်ငန်းတွေ ဒီမှာလုပ်ဆောင်နိုင်မယ်။ ဒါကြောင့်စင်တာတွေ တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာလုပ် ငန်းရှင်တွေနဲ့ ညှိနှိုင်းထားပါတယ်။ မြေဆိုရင်လည်း ဧက (၇၀)၊ (၁၀၀) ပေါ်မှာ လုပ်ပြီးတခါ တည်း ပြည့်ပြည့် စုံစုံ လုပ်ထားတယ်။” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ စံသတ်မှတ်ချက်များ အားနည်းနေပြီး ရောင်းဝယ်မှုဥပဒေများလည်း အတိ အလင်း ပြဋ္ဌာန်းထားခြင်းမရှိသဖြင့် သတ်မှတ်အရည်အသွေးဆိုင်ရာ စံချိန်၊ စံညွှန်းမပြည့်မီသည့် ပြဿနာများ ဖြစ်ပေါ်ခြင်းကြောင့် ရွှေဗဟိုဈေးကွက် ပေါ်ပေါက်ပါက ယင်းပြဿနာများ လျော့ပါးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Check Also

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ဖွင့်လှစ်မည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ သြဂုတ် ၁၅ ရက်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆိုပြုလွှာများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရုံးခွဲကို ၂၀၁၇ ခုနှစ် …