Tuesday , November 28 2017
Home / FNews / ကသာမြို့ ဧရာဝတီမြစ်ရေတိုးချိန် တစ်နိုင်တစ်ပိုင် ငါးဆားနယ်လုပ်ငန်းများ တွင်ကျယ်နေ

ကသာမြို့ ဧရာဝတီမြစ်ရေတိုးချိန် တစ်နိုင်တစ်ပိုင် ငါးဆားနယ်လုပ်ငန်းများ တွင်ကျယ်နေ

 

နေမျိုးလှရွှေ (မြစ်မခ)

ကသာ၊သြဂုတ်လ(၁၇)ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေတိုးချိန်၌ တစ်နိုင်တစ်ပိုင် ပိုက်ဆွဲ ငါးဖမ်း ၍ ငါးဆားနယ်ပြုလုပ်ရောင်းချနေသည့် လုပ်ငန်းများ တွင်ကျယ်လာကြောင်း ငါးရောင်းဝယ်ရေးဒိုင်များမှ သိရှိရသည်။

ဧရာဝတီမြစ်ရေသည် သြဂုတ်လဆန်းပိုင်းမှ စတင်တိုးနေသဖြင့် ငါးနုသန်း၊ ငါးလူး၊ ငါးခုံးမ၊ ငါးဇင်ရိုင်း၊ ငါးရံပိုး စသည့် ငါးကလေးများကို ဆားနယ်၍ ကသာမြို့ပေါ်ရှိ ငါးဒိုင်များသို့ တစ်ပိုင်တစ်ပိုင်လာရောက် ရောင်းချကြ ခြင်းဖြစ်သည်။

“ရေတက်ချိန်မှသာရတဲ့ ငါးကလေးတွေကို ဆားနယ်စုထားကြပြီး များခဲ့ရင် ကသာငါးဒိုင်တွေကို သွားရောင်း တယ်။ တစ်ရက်နည်းနည်းစီ ရသလောက်ဆားနယ်စုထားရတယ်။”ဟု ဝေဆွယ်ရွာမှ ရေလုပ်သား ဒေါ်ခင်မာက ပြောသည်။

အဆိုပါ ငါးဆားနယ်များကို တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ကြား ဒိုင်ဈေးဖြတ်ဝယ်၍ မိုးညှင်း၊ မိုး ကောင်း၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စသည့် မြို့များသို့ ငါးအရွယ်အစားလိုက် တစ်ပိဿာ(၃၀၀၀)ကျပ်မှ (၄၀၀၀) ကျပ်ကြား တင်ပို့ရောင်းချကြကြောင်း သိရသည်။

“ကားတင်ပို့ခ ပိဿာ(၅၀)ပါ တစ်ခြင်းကို (၆၀၀၀)ကျပ်နဲ့ တင်ပို့ရတယ်။ အင်းသမားကြီးတွေက ဒီရေအတိုးကို စောင့်နေရတယ်။ ဒီရေတိုးပြီး သီတင်းကျွတ်ရင် အင်းပိတ်မှသာ ငါးကြီးတွေပိုပေါမယ်။ ခုချိန်တော့ ဆားနယ်ထားတဲ့ ပိုက်တန်းငါးလေးတွေကို အခြောက်လှန်းပြီး ရာသီချိန်ပို့ကုန်အဖြစ် တင်ပို့တယ်။”ဟု ကသာမြို့ရှိ ငါးအဝယ် ဒိုင်မှ ဒေါ်နီနီက ပြောသည်။

အဆိုပါ ငါးကလေးများကို ဝါဆို၊ ဝါခေါင်ရေတိုးချိန်တွင် ဝေဆွယ်၊ ကျောက်ထုံးကြီး၊ သဖန်းဒေါင့်၊ ဆိပ်သာ၊ သပြေပင်၊ သက်ကယ်ကျင်း၊ ငလူးတုန်းကျေးရွာများမှ ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ ဆက်သွယ်ဝယ်ယူကြ ရကြောင်း သိရသည်။

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …