Saturday , May 27 2017
Home / သတင်း / စီးပွားရေးသတင်း / ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ဆောင်မှု ပွင့်လင်းမြင်သာမှုအားနည်းသည်ဟုဆိုကာ ဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း လုပ်ဆောင်မှု ပွင့်လင်းမြင်သာမှုအားနည်းသည်ဟုဆိုကာ ဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ မတ်(၂၅)ရက်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ဆောင်နေမှုများကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ ပွင့်လင်းမြင်သာမှုအားနည်းနေသည်ဟုဆိုကာ ဖြစ်ပေါ် လာနိုင်သည့် အကျိုးဆက်များအတွက် ဒေသခံများစိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို မြေဧကပေါင်း(၄၂၈၉.၃၂)ဧကတွင် တရုတ် CITIC ကုမ္ပဏီမှ အ ကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး  စီမံကိန်းသတ်မှတ်ဧရိယာများအတွင်း လယ်မြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရသည့် မြေများလည်း ပါဝင်နေကြောင်း သိရသည်။

“ဒီ SEZ တည်ဆောက်မည့် အရေးကို ဒေသခံတွေက အထူးစိုးရိမ်မှုတွေ မြင့်တက်နေကြတယ်။ လယ်တွေသိမ်း မယ်။ ကျေးရွာတွေ ရွှေ့ပြောင်းရမယ်လို့ သတင်းပျံနေတယ်။ ဒေသခံတွေက ဘာဆိုဘာမှ မသိသေးဘူး။ SEZ စီမံခန့်ခွဲရေး ကော်မတီအနေနဲ့လည်း ဒေသခံတွေကို စီမံကိန်းတည်ဆောက်မည့်အကြောင်းနဲ့ ပွင့်လင်းမြင်သာ စွာ ရှင်းပြတာတို့၊ တွေ့ဆုံနွေးနွေးတာတို့ မရှိသေးဘူး။”ဟု ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန်ဧရိယာ အတွင်းရှိ တောင်သူလယ်သမားများဘက်စုံဖွံ့ဖြိုးရေးအသင်း အသင်း ဥက္ကဌ ဦးလှသိန်းက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီအနေဖြင့် စီမံကိန်းတည်ဆောက်လာမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဧပြီလ(၃၀)ရက်က ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမတွင် လူထုနှင့် တွေ့ဆုံစဉ် ဒေသခံ များ ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်သွားမည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒုတိယ ဥက္ကဌနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့က ပြောခဲ့သည်။

“ကျောက်ဖြူ SEZ တစ်နိုင်ငံလုံးအတွက်လည်း အကျိုးဖြစ်တယ်။ ဒေသအတွက်လည်း အကျိုးဖြစ်မယ်ဆိုရင် ပြည်သူတွေကို ဘာကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း မချပြရတာလည်း။  စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ကျွန်တော်တို့လိုချင်တာက မြေသိမ်းရင် တစ်ဧကကို ဘယ်လောက်ရှိတယ်။ ဘယ်လောက်လျော်ကြေးပေးမယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းချပြတာမျိုးကို လိုချင်ပါတယ်။”ဟု ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးကျော်လွင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မည့် သတ်မှတ်ဧရိယာအတွင်း ကျေးရွာပေါင်း (၃၅)ရွာမှ လယ်မြေ (၉၉၈.၅၀)ဧက၊ မြေလွတ်မြေရိုင်း (၁၈၆၉.၃၃)ဧက၊ ဥယျဉ်မြေ(၆၄၅.၉၅)၊ ဓနိမြေ (၇၂.၀၀) ဧကနှင့် အခြား အသုံးပြုခွင့်မြေ(၁၁၅.၇၀)ဧက၊ လမ်းမြေ(၂.၄၀)ဧက၊ ဆည်၊ ကန်နှင့် တာတမံမြေ (၄၉၆.၉၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

 

Check Also

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထူးစီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ မေ ၂၂ ရက်။ ကုန်စည်စီးဆင်းမှုများပြုလုပ်ရာ၌ ကုန်ကျစရိတ်လျော့နည်းပြီး လျင်မြန်မှုရှိစေရန် အထူးစီးပွားရေးဇုန်သစ်တစ်ခု ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး …