Saturday , May 27 2017
Home / FNews / မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ)

မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် ထက်ဝက်နီးပါးမြင့်တက်သွားကြောင်း ဓနိပွဲရုံများထံမှ သိရှိရသည်။

၂၀၁၇  မေလတွင် ဓနိအပျစ်ကြီး(၁၀၀)လျှင် (၁၀၀၀၀)ကျပ်၊ အလတ်(၁၀၀)လျှင် (၉၀၀၀)ကျပ်နှင့် အသေး (၁၀၀)လျှင် (၇၀၀၀)ကျပ်ဈေးရှိပြီး ၂၀၁၆ မေလတွင် ဓနိအပျစ်ကြီး(၁၀၀)လျှင် (၆၅၀၀)ကျပ်၊ အလတ်(၁၀၀) လျှင် (၅၀၀၀)ကျပ်နှင့် အသေး(၁၀၀)လျှင် (၃၅၀၀)ကျပ်သာရှိခဲ့ကြောင်း သိရသည်။

”ဝယ်ယူမှုကတော့ မိုးရာသီနီးကပ်လာတော့ ရောင်းအား လုံးဝလျော့ကျမသွားပါဘူး။ အရင်တုန်းက ဓနိဈေးက လည်း အခုလောက်မပေါက်တာ အမှန်ပါ။ အခုကတော့ ဈေးအရမ်းထိုးတက်နေပါတယ်”ဟု မော်လမြိုင်ကျွန်းရှိ ဓနိပွဲရုံပိုင်ရှင် ဦးတင်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း၊ မအူပင်၊ ကျိုတ်လတ်၊ ညောင်တုန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ဖျာပုံ၊ ဘို ကလေး စသည့်ဒေသများသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းကြောင့် နှစ်စဉ်မိုးရွာသွန်းမှုများပြီး ကျေးလက်နေ ပြည်သူအများစုမှာ အမိုးအကာအတွက် ဓနိကို အဓိကအားထားနေဆဲဖြစ်ကာ ယခုရက်များတွင် အဝယ်များနေ ကြောင်း သိရသည်။

”အိမ်မိုးဖို့ ဓနိတွေကို ကြိုတင်ဝယ်ထားတာမျိုးမရှိဘူး။ မိုးဦးကျခါနီးတော့မှပဲ အလွယ်တကူဝယ်မိုးလိုက်တယ်။ ဦးတို့နယ်ဘက်တွေကတော့ ဓနိကိုပဲ အားထားသုံးစွဲတယ်။ ဦးလေးတို့က လယ်ယာလုပ်ငန်းကလည်း တစ်ဖက် မှာရှိနေတော့ အခုလို မိုးဦးကျခါနီးတော့မှာပဲ အိမ်ပြင်ဖို့၊ ဆင်ဖို့ဖက်ကို လှည့်နိုင်တော့တယ်။ လက်ရှိဓနိဈေးက တော့ အတက်ဈေးနဲ့ဝယ်သုံးနေရပါတယ်”ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ဦးကြည်ဝင်းကပြောသည်။

လက်ရှိတွင် မော်လမြိုင်ကျွန်းမြို့နယ်မှ ဓနိပွဲရုံများအပြင် မအူပင်၊ ဘိုကလေး စသည့်ဒေသများမှ ဓနိပွဲရုံများနှင့် လက်လီလက်ကားအရောင်းဆိုင်များလည်း ရောင်းအားမြင့်တက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဘိုကလေးဒေသရှိ ဓနိပွဲရုံများတွင် ရောင်းချလျှက်ရှိသော ဓနိများကို ငပုတော၊ ကန်ကြီးထောင့်၊ ပန်းတနော်၊ ကျောင်းကုန်း၊ မြောင်းမြ၊ ဒေးဒရဲ၊ ကျိုတ်လတ်၊ ဖျာပုံမြို့နယ် များဘက်မှ ဝယ်ယူတင်သွင်းကြောင်း သိရသည်။

Check Also

ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လိင်ပိုင်းဆိုင်ရာများ မပါဝင်သည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာကိုအာကာနှင့် တွေ့ဆုံခြင်း

  မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ မေ ၂၅ ရက်။ မေလအတွင်း အွန်လိုင်းစာမျက်နှာများပေါ်တွင် လူကြိုက်များ ခေတ်စားနေသည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား တစ်မိနစ်စာ Teaser အပိုင်းမှာ …