Saturday , May 27 2017
Home / FNews / ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများကို ကုန်သွယ်ရေးစခန်း(၄)ခု၌ ဇွန်လမှ စတင်၍ MPU စနစ်ဖြင့် ငွေပေးချေ နိုင်ပြီ

ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများကို ကုန်သွယ်ရေးစခန်း(၄)ခု၌ ဇွန်လမှ စတင်၍ MPU စနစ်ဖြင့် ငွေပေးချေ နိုင်ပြီ

ယမုံ (မြစ်မခ)

ရန်ကုန်၊ မေ ၂၃ ရက်။

မြန်မာနိုင်ငံ ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုများကို ကုန်သွယ်ရေးစခန်း(၄)ခု၌ ဇွန်လမှ စတင်၍ Myanmar Payment Union (MPU)စနစ်ဖြင့် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ ငွေပေးချေမှုစနစ်ကို နေပြည်တော်ရုံးချုပ် အပါအဝင် ရန်ကုန်ပို့/သွင်းရုံး၊ မြဝတီကုန်သွယ်ရေးဇုန်၊ မူဆယ်ကုန်သွယ်ရေးဇုန်များ၌ လိုင်စင်စနစ်နှင့် ပတ်သက်သည့်  ငွေးကြေးပေးသွင်းမှုများတွင် စတင် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မှတ်ပုံတင်တာကအစ လုပ်ဆောင်ချက်တွေမှာ ဘဏ်တွေကလည်း နေ့တိုင်းမဖွင့်တဲ့အတွက် မလိုလားအပ်ဘဲ  ကြန့်ကြာနေတာတွေဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ အခွန်နဲ့ပတ်သက်ပြီးပေးသွင်းရတဲ့အခါ ဘဏ်တွေက အရမ်းကွာဝေးတဲ့အတွက် သက်ဆိုင်ရာဘဏ်တွေကို ငွေပြန်သွင်းတဲ့အခါ ကြန့်ကြာမှုတွေ မဖြစ် ပေါ်စေဖို့အတွက် ဒီအခြေအနေတွေကိုကျော်လွှားနိုင်ဖို့ MPU စနစ်ကိုကျင့်သုံးတာပါ။”ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ မေ ၂၂ ရက်က ပြုလုပ် သည့် MPU စနစ်ဖြင့် ချိတ်ဆက်၍ ကုန်သွယ်မှုဆိုင်ရာငွေကြေးပေးသွင်းမှု အလုပ်ရုံဆွေးနွေးပွဲတွင် ညွှန်ကြား ရေးမှူးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း ပြည်ပကုန်သွယ်မှုလုပ်ငန်းများ၌ ကုန်သွယ်မှုဆိုင်ရာ လိုင်စင်ကြေးပေးသွင်းမှုများ၊ သွင်းကုန်မှတ်ပုံ တင်ကြေးများ၊ စီးပွားရေးအကျိုးဆောင်လုပ်ငန်း မှတ်ပုံတင်ကြေးများစသည့်တို့အတွက် နိုင်ငံတော်သို့ ငွေကြေး ပေးချေရာတွင် ငွေသားစနစ်ဖြင့်သာ ပြုလုပ်ခဲ့ပြီး အွန်လိုင်းငွေပေးမှုစနစ်အနေဖြင့် မြန်မာနိုင်ငံသားများ ဘဏ်တစ်ခုတည်းတွင်သာ ပေးချေနိုင်ခဲ့သော်လည်း ယခုအခါ MPU စနစ်ရှိသည့် မည်သည့်ဘဏ်နှင့်မဆို ငွေပေးချေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“နောက်ပိုင်းမှာ MPU စနစ်အပြင် မိုဘိုင်းဖုန်းကတစ်ဆင့် ဘဏ်တစ်ခုကနေ တခြားဘဏ်တစ်ခုကို လွှဲပြောင်း နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်မှာဘဏ်အကောင့်ရှိတယ်ဆိုရင် မိုဘိုင်းဖုန်းကနေ တဆင့် ပေးနိုင်အောင် စီစဉ်သွားပါမယ်။”ဟု ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောသည်။

MPU စနစ်ဖြင့် ငွေပေးချေမှုကို  လက်ရှိဝန်ဆောင်မှုပေးသည့်နေရာ(၄)ခု၌ အောင်မြင်ပါက SEZ၊ MIC အပါအဝင် ကျန်ကုန်သွယ်ရေးစခန်း(၂၃)ခု၌ ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး MPU စနစ်ကို မြန်မာနိုင်ငံရှိ ဘဏ်ပေါင်း(၂၃)ခုအနက် ဘဏ်(၁၇)ခုနှင့် ချိတ်ဆက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Check Also

ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လိင်ပိုင်းဆိုင်ရာများ မပါဝင်သည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာကိုအာကာနှင့် တွေ့ဆုံခြင်း

  မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ မေ ၂၅ ရက်။ မေလအတွင်း အွန်လိုင်းစာမျက်နှာများပေါ်တွင် လူကြိုက်များ ခေတ်စားနေသည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား တစ်မိနစ်စာ Teaser အပိုင်းမှာ …