Friday , September 22 2017
Home / FNews / မွန်ပြည်နယ်တွင် အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ဆားကွင်းများ ပျက်စီးကာ ဆားအထွက်နှုန်း လျော့ကျမည်

မွန်ပြည်နယ်တွင် အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ဆားကွင်းများ ပျက်စီးကာ ဆားအထွက်နှုန်း လျော့ကျမည်

ချိုမာအောင် (မြစ်မခ)

မော်လမြိုင်၊ ဧပြီ (၁၉)ရက်။

မွန်ပြည်နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် နေလှန်းဆားကွင်းများ ပျက်စီးသဖြင့် ၂၀၁၇ ခုနှစ်တွင် ဆားထွက်ရှိမှု (၂၀)ရာခိုင်နှုန်းခန့် လျော့နည်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် မြန်မာ့ဆားလုပ်ငန်းမှ သိရှိရသည်။

“ဒီနှစ်မိုးဖျက်တာ ဒီတစ်ကြိမ်ပါဆိုရင် (၃)ခါရှိပြီ။ ဆားရာသီတစ်ခုလုံးမှာ ရာသီဥတုမဖောက်ပြန်ဘူးဆိုရင် (၁၃) ကြိမ် ဆားကျုံးလို့ရတယ်။ အခုနှစ်မိုးရွာတဲ့အပေါ်မှာ (၉)ကြိမ်လောက်ပဲ အများဆုံးကျုံးနိုင်မယ်။ ဒါ့ကြောင့် ဆား ထွက်နှုန်းလျော့နည်းမယ်။”ဟု မွန်ပြည်နယ် မြန်မာ့ဆားလုပ်ငန်းရုံးမှ ပြည်နယ်မှူး ဦးခင်စိုးကပြောသည်။

နေလှန်းဆားရာသီမှာ အောက်တိုဘာလမှ မေလလယ်အထိ လုပ်ကိုင်ကြသော်လည်း ယခုနှစ်တွင် မွန်ပြည်နယ် ၌ ဇန်နဝါရီလတွင် တစ်ကြိမ်၊ မတ်လလယ်တွင်တစ်ကြိမ်နှင့် ဧပြီလလယ်တွင် (၃)ရက်ဆက်တိုက်မိုးရွာသွန်းမှု များကြောင့် ဆားကွင်းများ ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဆားကွင်းက ဆားကျုံးခွက်ထဲမှာ ဆားရေမရှိဘူး။ မိုးရေတွေပဲရှိလို့ ရေတောင်သောက်လို့ရတဲ့ သဘောရှိနေ တယ်။ ဒီနှစ် ကျွန်တော်တို့ ဆားတောင်သူတွေ အခက်အခဲဖြစ်တဲ့နှစ်ပဲ။ နောက်ထပ်ဆားရာသီ(၁)လပဲ ကျန် တော့တယ်။ ဒါ့ကြောင့် ဆားကွင်းပြင်ပြီး ဆားထပ်လုပ်ဖို့၊ မလုပ်ဖို့ ကျွန်တော်တို့ တော်တော်လေးကို စဉ်းစားနေ ရတယ်။”ဟု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်း လုပ်ကိုင်သူ ကိုနိုင်ဦးက ပြောသည်။

မွန်ပြည်နယ်သာမက ဆားအဓိကထွက်ရှိသည့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့၌ မိုးရွာသွန်းခဲ့သည့်အတွက် ဆားအထွက်နှုန်းလျော့ကျခြင်းကြောင့် လတ်တလောကာလတွင် ဆားဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိ ကြောင်း သိရသည်။

သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်)မိုးရွာသွန်းခြင်းမရှိခင်အချိန်အထိ ဆားကြမ်းတစ်ပိဿာပေါက်ဈေးမှာ (၇၀)ကျပ် ဝန်းကျင်ခန့်ရှိသော်လည်း ဧပြီ ၁၉ ရက်တွင် ဆားကြမ်းတစ်ပိဿာလျှင်(၁၂၀)ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆားလုပ်ကွက်ပေါင်း(၆၇)ကွက်ရှိကာ ဆားထုတ်လုပ် သည့် ဧကမှာ (၂၆၀၀)ဝန်းကျင်ရှိပြီး ဆားအထွက်နှုန်း မက်ထရစ်တန်ချိန်(၂၆၀၀၀)ထွက်ရှိရန် လျာထားရာ မိုးမရွာသွန်းခင်အချိန်အထိ မက်ထရစ်တန်ချိန်(၂၁၇၀၀)ဝန်းကျင်ခန့် ထွက်ရှိထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် မြန်မာ့ဆားလုပ်ငန်းမှ သိရသည်။

မွန်ပြည်နယ်တွင် ဆားအဓိကထွက်ရှိသည့် မြို့နယ်များမှာ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ စက်စဲကျေးရွာ၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကျေးရွာတို့ဖြစ်ပြီး မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး  အတိုင်းအတာအရ ဆားထွက်ရှိမှု (၁၂)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်၌ နေလှန်းဆားထုတ်လုပ်သည့် ဧက(၃၀၀၀)ဝန်းကျင်ခန့်ရှိပြီး ဆားထွက်ရှိမှုမှာ မက်ထရစ်တန်ချိန်(၃)သောင်းဝန်းကျင်ရှိကြောင်း သိရသည်။

 

 

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …