Thursday , March 8 2018
Home / FNews / မန္တလေးမြို့တွင် မီးလောင်မှုကြောင့် လူနေအိမ်(၈)လုံး၊ ဆိုင်ကယ်အစီး(၉၀)နှင့် ကားတစ်စီးဆုံးရှုံး

မန္တလေးမြို့တွင် မီးလောင်မှုကြောင့် လူနေအိမ်(၈)လုံး၊ ဆိုင်ကယ်အစီး(၉၀)နှင့် ကားတစ်စီးဆုံးရှုံး

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ မတ် (၇) ရက်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ဌာနေ အရှေ့ရပ်ကွက်တွင် မတ် ၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၈)လုံး၊ ဆိုင်ကယ်အစီး(၉၀)နှင့် ကားတစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုမှာ တီဗီဖွင့်ထားရာမှ အပူလွန်ကဲပြီး မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်တွင် လောင်ကျွမ်းခဲ့ရာ မွန်းလွဲ(၂း၀၀)နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်(၂၆၇)သိန်းကျော်နှင့် လူအသေအပျောက် မရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရှိရသည်။

“အကြမ်းဖျင်းကတော့ လက်သမားအိမ်ကစလောင်တာလို့သိရတယ်။ နေအိမ်အပြင် အဖီဆွဲထားတာလေးတွေ လည်းပါသွားတယ်။ မောင်ဝင်းအပေါင်ဆိုင်ကတော့ တော်တော်များများပါသွားတယ်။ သူ့ဆိုင်က စလောင်တာ တော့မဟုတ်ပါဘူး။ လက်ရှိမှာ မီးဘေးဒုက္ခသည်တွေကို ထားဝယ်ဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား တာတွေ့ရတယ်။”ဟု မီးလောင်ရာရပ်ကွက်အနီးတွင်နေထိုင်သူ ဦးမင်းထက်ကပြောသည်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည်(၆၈)ဦးရှိခဲ့ပြီး မီးလောင်ရာနေရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နယ်လုံ ဝန်ကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် မြို့တော်ဝန်တို့လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည် များ ကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မီးလောင်ရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ အရန်မီးသတ်(၂၅၀)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ်(၃၀)စီး၊ ရေ သယ်ယာဉ်(၂၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးတို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မူကြောင့် မီးပေါ့ဆစွာသုံးစွဲသူအား ဥပဒေပုဒ်မ(၂၈၅)ဖြင့် အမူဖွင့်အရေးယူဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

Check Also

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ …