Sunday , May 28 2017
Home / FNews / မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ နှုတ်ထွက်စာတင်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ နှုတ်ထွက်စာတင်

ချိုမာအောင် (မြစ်မခ)

မော်လမြိုင်၊ ဖေဖေါ်ဝါရီလ(၂၀)ရက်။

မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ၄င်း၏ ဘောဆန္ဒအလျောက် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပြည်နယ်ဝန်ကြီးချုပ် တာဝန်မှ နှုတ်ထွက်စာတင်လိုက်ပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ညနေက ၀န်ကြီးချုပ်ကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းမှ ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးအနေဖြင့် ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်မထွက်ကို ညနေ (၄)နာရီအချိန်တွင် ပြန်လည်အကြောင်းပြန်ကြားပေးမည်ဟု မီဒီယာများကို ထုတ်ဖေါ်ပြောကြားခဲ့သော်လည်း မွန်းလွဲပိုင်း၌ ၀န်ကြီးချုပ်ဦးမင်းမင်းဦးမှာ ၄င်းနေထိုင်သည့် ဘီးလင်းမြို့နယ်သို့ပြန်သွားကြောင်းနှင့် ၄င်းနှုတ်ထွက်မည့်ကိစ္စအား ၄င်းကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးမြင့်သန်းဝင်း ကသာ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ဥပဒေနဲ့အညီ သမ္မတကြီးဆီကို မိမိသဘောဆန္ဒအလျောက်နှုတ်ထွက်ခွင့် တင်ပြပြီးဖြစ်ကြောင်း ဒီကနေ့ အတည်ပြုပါတယ် နိုင်ငံတော်သမ္မတရုံးကို ဒီနေ့နေ့လည်ပိုင်းမှာFax နဲ့ အကြောင်းကြားတယ် ပြည်နယ်လွှတ်တော်ကို နောက်မှအကြောင်းကြားမယ်”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

ဖေဖော်ဝါရီ(၂၀)ရက်နေ့ မနက်ပိုင်းကမူ နှုတ်ထွက်မည့်ကိစ္စကို ပြန်လည်စဉ်းစားပေးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က  ပြည်သူ(၁၀၀)ကျော်ရှေ့၌ ပြောကြားခဲ့သေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ “နှုတ် ထွက်ပါပြီ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှုအားလုံးဟာ ပျက်စီးဖို့ရာဓမ္မတာပါဘဲ။”ဟု ရေးသားခဲ့ပြီး မီဒီယာအများစုတွင်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်နှုတ်ထွက်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှုတ်ထွက်စာတင်မည့် အကြောင်းအရင်းအား နောက်ပိုင်းကာလများတွင် မီဒီယာများမှ တဆင့် ပြန်လည်ရှင်းပြပြပြောဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး(၃)ဦးကို ဧပြီလ(၁)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ အတည်ပြုခန့်အပ်ခဲ့ပြီး ဧပြီလ(၈)ရက်နေ့တွင် အခြားသော ၀န်ကြီးများကို မွန်လွှတ်တော်မှ အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် သက်တမ်း(၁)နှစ်မတိုင်မီ မွန်ပြည်နယ်အစိုးရအဖွဲ့အပြောင်းအလဲဖြစ်သည့်အပေါ် လုပ်ဖေါ်ကိုင်ဖက် တစ်ယောက်အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်းလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

“တစ်နှစ်မတိုင်ခင်မှာပဲ အပြောင်းအလဲဖြစ်တယ် ကိုယ်နဲ့အတူ တွဲလုပ်ခဲ့တဲ့ခေါင်းဆောင်တယောက် နှုတ်ထွက်တယ်ဆိုတာ စိတ်တော့မကောင်းပါဘူး ဒါပေမယ့် တစ်ဖက်ကပြန်တွက်ရင် လုပ်သင့်လုပ်ထိုက်တယ် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ အကြောင်းကတော့ရှိမှာပါပဲ စစ်ဆေးရေးအဖွဲ့ဖွဲ့တယ် စစ်ဆေးတယ်ဆိုတာ တော့ကြားတယ် သူအပြစ်ရှိတယ် စွပ်စွဲတာရှိတယ် ဘယ်အပိုင်းမှာ ဘာကျူးလွန်လို့ ဘယ်လိုအပြစ်ပေးလဲ ပြစ်မှုက ဘာကျူးလွန်လဲ ဆိုတာတော့ ကျတော်တို့မသိဘူး”ဟု ဦးစောအောင်မြင့်ခိုင်က ပြောသည်။

လတ်ရှိအချိန် မွန်ပြည်နယ်၌ အသစ်တက်လာမည့် ၀န်ကြီးချုပ်အဖြစ် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထောက်ခံထားသည်ဟု လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းမီဒီယာအချို့၌ ဖေါ်ပြထားသည်။

သို့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်အသစ် တရားဝင်ခန့်အပ်ခြင်းကို နိုင်ငံတော်သမ္မတမှ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကာ  ပြည်နယ်လွှတ်တော်မှအတည်ပြုမှသာလျင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာနိုင်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးမှာ ၀န်ကြီးချုပ်တာတာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်ရင်းနှီးစွာနေထိုင်ခြင်း၊ လွှတ်တော်အစည်းဝေး ကျင်းပနေစဉ်ကာလ ခွင့်ရက်ရှည်ယူခြင်း၊ လွှတ်တော်မှ အတည်ပြုထားသည့် အဆိုများအား အကောင်အထည် ဖေါ်ဆောင်မှုအားနည်းခြင်း စသည့်အချက်များကြောင့် တိုင်ကြားခြင်းခံခဲ့ရသည့်အပေါ် NLD ပါတီမှ လေ့လာသုံးသပ်ရေးကောမတီတစ်ရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …