Sunday , May 28 2017
Home / FNews / စစ်ကိုင်းတိုင်း ကသာမြို့တွင် လမ်းမြေချဲ့ရာမှ စစ်ကျန်ဗုံးသီးဟောင်းများနှင့် ကျည်ဆံများ တွေ့ရှိ

စစ်ကိုင်းတိုင်း ကသာမြို့တွင် လမ်းမြေချဲ့ရာမှ စစ်ကျန်ဗုံးသီးဟောင်းများနှင့် ကျည်ဆံများ တွေ့ရှိ

နေမျိုးလှရွှေ (မြစ်မခ)

ရန်ကုန်၊ ဖေဖော်ဝါရီ(၁၄)ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ ရွှေဖုန်းရှိန်လမ်းနှင့် တာရိုးတန်းလမ်းဆုံနေရာတွင် ဖေဖော်ဝါရီ(၁၄)ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းမြေချဲ့ခြင်း လုပ်ငန်းဆောင်ရွက်စဉ် စစ်ကျန်ဗုံးသီးဟောင်းများနှင့် ကျည်ဆံများ တွေ့ရှိခဲ့ကြောင်း ကသာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

အဆိုပါ နေရာအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းတာဝန်ခံမှ ဦးစီးပြီး စည်ပင်လုပ်သား (၁၀)ဦးခန့်ဖြင့် ဘတ်ဟိုးအသေးအား အသုံးပြုကာ လမ်းမြေချဲ့ခြင်း ဆောင်ရွက်စဉ် စစ်ကျန်းဗုံးသီးဟောင်းများနှင့် ကျည်ဆံများ တွေ့ရှိခဲ့သဖြင့် ကသာမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“(၇)နာရီမှာ လမ်းမြေချဲ့ဖို့ လုပ်ငန်းခွင်ကို သွားရောက်ခဲ့တယ်။ (၈)နာရီ(၄၅)မိနစ်မှာ စစ်ကျန်ဗုံးသီးဟောင်းတွေ တွေ့လို့ ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တစ်ကွတာဝန်ရှိသူတွေကို အကြောင်းကြားလိုက်လို့ တာဝန်ရှိသူ များ လာရောက်ပြီး ဆောင်ရွက်ကြပါတယ်။”ဟု ကသာမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန လမ်းတာဝန်ခံ အင်ဂျင်နီယာ ဦးကြာလင်းက ပြောသည်။

အဆိုပါ သိမ်းဆည်းရမိသောစစ်ကျန်ဗုံးသီးဟောင်းများမှာ အရှည်(၁)(၉)လက်မခန့်ရှိအမျိုးအစားမသိ ဗုံးသီး (၅)လုံး၊အရှည်(၉)လက်မလုံးပတ်(၉)လက်မခန့်ရှိ အမျိုးအစားမသိဗုံးသီး(၁၁)လုံး၊ အရှည်(၄့၅)လက်မလုံး ပတ်(၇)လက်မခန့်ရှိအမျိုးအစားမသိဗုံးသီး(၁)လုံး၊ (၃၀၃)ရိုင်ဖယ် ကျည်အဟောင်း (၅၆)တောင့်တို့ဖြစ်ကြောင်း သိရသည်။

“အရင်ကဒီနေရာကို(စစ်ဝင်းဆိပ်)နေရာလို့ခေါ်တယ်။ အရင်ကမီးရထားဘူတာတစ်ဝိုက်လို့ ဆိုလို့ရတယ်။ ရထားလမ်းနဲ့ သဘောင်္ဆိပ် ဆက်နေတဲ့နေရာဆိုတော့ စစ်လက်ကျန်ပစ္စည်းတွေကျန်ခဲ့တယ်။ ကျွန်တော် မြင်ဘူးတာ ဒီတစ်ဝိုက်မှာ ခုနဲ့ဆို နှစ်ခါရှိပြီ။ ပထမတစ်ခါက သစ်မြစ်တူးတုန်း ကျည်ဆံဟောင်းတွေ တွေ့ဖူးပါ တယ်။”ဟု ကသာမြို့ ရပ်ကွက်(၄)နေထိုင်သူ ဒေသခံ ဦးခင်မောင်ညိုက ပြောသည်။

တွေ့ရှိ သိမ်းဆည်းရမိသော စစ်ကျန်ဗုံးသီးဟောင်းများနှင့် ကျည်ဆံအဟောင်းများအား ကသာမြို့ရှိ ခမရ(၃၀၉) ဌာနချုပ်တပ်ခွဲမှူးတို့မှ ထိန်းသိမ်းထားကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …