Monday , December 18 2017
Home / သတင်း / အနုပညာသတင်း /  ပြည်ခိုင်ဖြိုးကို ဝန်းရံသူများခေါင်းစဉ်ဖြင့် ဓါတ်ပုံမှာ မသမာသည့် လုပ်ရပ်ဟု ဆုပန်ထွာပြောဆို

 ပြည်ခိုင်ဖြိုးကို ဝန်းရံသူများခေါင်းစဉ်ဖြင့် ဓါတ်ပုံမှာ မသမာသည့် လုပ်ရပ်ဟု ဆုပန်ထွာပြောဆို

စုသက်နှင်း (မြစ်မခ)

လူမှုကွန်ယက်စာမျက်နှာတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသရုပ်ဆောင် များပါဝင်သည့် ဓါတ်ပုံနှင့် ပြည်ခိုင်ဖြိုးကို ဝန်းရံသူများခေါင်းစဉ်ဖြင့် ရေးသားသည့်လုပ်ရပ်သည် မသမာသည့် လုပ်ရပ်ဖြစ်ကြောင်း သရုပ်ဆောင်၊ အဆိုတော် ဆုပန်ထွာက ပြောကြားလိုက်သည်။

အဆိုပါလူမှုကွန်ယက်စာမျက်နှာတွင် သရုပ်ဆောင်ပပဝင်းခင်၊ ဆုပန်ထွာ၊ နန်းစုရတီစိုးတို့၏ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဝတ်စုံဖြင့် ရိုက်ကူးထားသည့်ဓါတ်ပုံနှင့်စာသားအပေါ် ဝေဖန်မှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အဲဒီ Post နဲ့ ပတ်သက်ပြီး Facebook မှာ ဝေဖန်မှုတွေများနေပါတယ်။ Comment တွေမှာလည်း ဆဲနေတာ တွေလည်းအများကြီးပဲ။ ဒီပုံကလွန်ခဲ့တဲ့ ၇ နှစ်လောက်ကပုံပါ။ အဲဒီအချိန်တုန်းက နိုင်ငံတော်အတွက်ဆိုပြီး အနုပညာရှင်တော်တော်များများ သီချင်းရော၊ ဇာတ်လမ်းရော ရိုက်ကူးရတာပါ။ အစ်မတို့ ၃ ယောက်ပဲမဟုတ် ပါဘူး။ ဒီအချိန်မှ ဒီပုံတွေကိုတင်တဲ့လုပ်ရပ်က အစ်မတို့နှစ်ပေါင်းများစွာ ပရိတ်သတ်ချစ်အောင်ကြိုးစားခဲ့တာ တွေအတွက် တော်တော်ဆိုးပါတယ်။ ဒီဘက်ခေတ်မှာ အစ်မတို့ရွေးချယ်ချင်တာကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အစ်မလည်းကိုယ်တိုင်ကြိုက်ပြီး ရွေးချယ်ထားတဲ့ပါတီရှိပါတယ်။ အစ်မရဲ့ရင်ထဲက မဲကိုဘယ်သူ့ကိုမှ မပြောချင် ပေမဲ့ ရွေးပြီးပြီ။ ပရိသတ်အနေနဲ့ ချင့်ယုံကြပါ” ဟု သူမက ပြောသည်။

အဆိုပါ ဓါတ်ပုံနှင့် တွဲလျက်ဖော်ပြထားသည့် ပြည်ခိုင်ဖြိုးကို ဝန်းရံသူများခေါင်းစဉ်နှင့် စာများသည် ယခုလ ၁၁ ရက်နေ့တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုံအတွင်း ပါဝင်သူများကို ဆဲဆိုခြင်းများ ရှိလာခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်အဆိုတော် ဆုပန်ထွာအနေဖြင့် ယခုလတ်တလောတွင် ဗွီဒီယိုဇာတ်ကားများဆက်တိုက်ရိုက်ကူး နေပြီး ဒုတိယတစ်ကိုယ်တော်တေးစီးရီးကို အောက်တိုဘာလတွင် ဖြန့်ချိရန်စီစဉ်နေကြောင်း သိရသည်။

“အစ်မအနုပညာလှုပ်ရှားမှုကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ရိုက်ကူးရေးတွေဆက်တိုက်လုပ်နေတာယ်။ အဆိုပိုင်းမှာလည်း ဒုတိယတစ်ကိုယ်တော်တေးစီးရီးကို အောက်တိုဘာလမှာ ဖြန့်ချိဖို့ စီစဉ်နေတယ်။ အခုက Mixing ဆွဲဖို့ပဲရှိတော့တယ်။အောက်တိုဘာလထဲမှာလည်း ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးတဲ့ မြိုင်ရာဇာ တွတ်ပီကာတွန်းကို အခြေခံရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ထွေးရီးအဖြစ်သရုပ်ဆောင်မှာပါ။နေရယ် လရယ် အမှန်တရားရယ် ဇာတ်လမ်းတွဲကိုလည်းဆက်ရိုက်ဖို့ရှိပါတယ်”ဟု ဆုပန်ထွာက ပြောသည်။

ဆုပန်ထွာသည် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကတွင် နှစ်ပေါင်း(၂၀)နီးပါးခန့်ဖြတ်သန်းခဲ့ပြီး တေးဆိုပိုင်းတွင်လည်း “Sorry နော် ကိုကို” အမည်ရှိတစ်ကိုယ်တော်တေးစီးရီးကို ဖြန့်ချိထားသည်။

Check Also

ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ထွယ်ဆန်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၉ ရက်။ Pen Myanmar မှ စီစဉ်၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်း ရေးသားနည်းသင်တန်းအမှတ်စဉ် ၁/၂၀၁၇ …