Wednesday , May 31 2017
Home / သတင်း / အနုပညာသတင်း / မော်လူးမြို့ ထာဝရမော်လူးသင်္ကြန်မဏ္ဍပ်၌ MAWLU IDOL အဆိုပြိုင်ပွဲကြီးကို ပထမဦးဆုံးအကြိမ် ကျင်းပမည်

မော်လူးမြို့ ထာဝရမော်လူးသင်္ကြန်မဏ္ဍပ်၌ MAWLU IDOL အဆိုပြိုင်ပွဲကြီးကို ပထမဦးဆုံးအကြိမ် ကျင်းပမည်

နေမျိုးလှရွှေ (မြစ်မခ)

ကသာ၊ မတ်လ (၃၀)ရက်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ ထာဝရမော်လူးသင်္ကြန်မဏ္ဍပ်၌ MAWLU IDOL အဆိုပြိုင်ပွဲကြီးကို ပထမဦးဆုံးအကြိမ်အဖြစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ MAWLU IDOL အဆိုပြိုင်ပွဲကျင်းပသောကြောင့် ဒေသခံလူငယ်များ၏ ဂီတဖော်ထုတ်ခွင့်ရရှိခြင်း၊ သင်္ကြန်ကာလအတွင်း လူငယ်များ မိမိတို့ စိတ်ဝင်စားရာ ဂီတကို ကြိုးစားအားထုတ်ခြင်းကြောင့် အခြား မလိုလားအပ်သော အကြောင်းအရာများ မဖြစ်ပေါ်စေခြင်း၊ လူငယ်များစည်းလုံးညီညွတ်စွာ ပူးပေါင်း၍ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

“လူငယ်တွေရဲ့ ဂီတအရည်အသွေးကို မြှင့်တင်ရာလည်း ရောက်တယ်။ ဒေသခံတွေလည်း ပျော်ရွှင်စေချင်လို့ အဆိုပြိုင်ပွဲပါဝင်မယ်ဆိုပြီး စတင်ခဲ့ပါတယ်။ အသက်အကန့်အသတ်မရှိလို့ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။”ဟု ထာဝရမော်လူးသင်္ကြန်မဏ္ဍပ်မှ ကိုဇင်မင်းထွန်းက ပြောသည်။

အဆိုပြိုင်ပွဲဝင်သူများသည် စတိတ်စင်ပေါ်တွင် Stick၊ Memory Card ဖြင့်သာ အလွတ်တန်း သီချင်းဆိုရန်၊ ပြိုင်ပွဲဝင်စာရင်းပေးထားသောသီးချင်းများ ပြန်မပြောင်းရန်၊ မူးယစ်သောက်စား မသီဆိုရန်၊ သရုပ်ပျက် အဝတ်အစားများ ဝတ်ဆင်ပြီး မဖျော်ဖြေရန်စသည့် စည်းကမ်းချက်များ ချမှတ်ထားပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများကို MAWLU IDOL ဒိုင်လူကြီး ငါးဦးမှ ရွေးချယ်ပြီး ထိုက်တန်စွာဂုဏ်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာသံစဉ်ရယ် ခေတ်ပေါ်သီချင်းရယ်မိမိကြိုက်ရာတစ်ပုဒ်နဲ့ စုစုပေါင်းသုံးပုဒ် ဆိုခွင့်ရှိတယ်။ မြန်မာသံစဉ်ကို အဓိကထားရွေးချယ်ဆုံးဖြတ်ဆုပေးမယ်လို့သိရတယ်။ ဆုရတာ မရတာထက် ကိုယ့်ဒေသမှာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်။ အခြားနယ်က မိတ်ဆွေတွေလည်း ပြိုင်ပွဲဝင်လာရင် အပေါင်းအသင်းတွေ အများကြီး ရပြီး ပျော်စရာကောင်းပါလိမ့်မယ်။”ဟု MAWLU IDOL အဆိုပြိုင်ပွဲဝင် မအေးမင်းစိုးက ပြောသည်။

ယင်းအဆိုပြိုင်ပွဲတွင် ဝါသနာရှင်များမှ ကြိုက်နှစ်သက်ရာ သီချင်းနှစ်ပုဒ်ဝင်ကြေး (၅၀၀၀)ကျပ်နှင့်အတူ  လျှောက်လွှာ တင်ထားသူ လက်ရှိ(၁၅)ဦးရှိပြီး ထာဝရမော်လူးသင်္ကြန်မဏ္ဍပ်တွင် နေ့ပိုင်း၌ ဝါသနာရှင် ဖျော်ဖြေပွဲ အဖြစ်တင်ဆက်ပြီး ညပိုင်းတွင်အဆိုပြိုင်ပွဲအား သင်္ကြန်နောက်ဆုံးည အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

Check Also

အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ လူမှုကွန်ယက်စာမျက်နှာမှ ဝေဖန်ပြောဆိုချက်များကို ပြန်လည်ဖြေရှင်း ပြောဆို

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ(၄)ရက်။ အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ ၎င်းအား လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ပြောဆိုချက်များသည်  စစ်မှန်သော ဒီမိုကရေစီ၏အနှစ်သာရကို နားမလည်သေး၍ ဖြစ်ကြောင်း ပြန်လည်ပြောဆိုလိုက်သည်။