Thursday , March 8 2018
Home / သတင်း / အနုပညာသတင်း / ကျောက်ဖြူတွင် အသက်ကယ် အောက်စီဂျင်လှူဒါန်းရန် ရန်ပုံငွေရရှိရေး နာမည်ကြီး တေးသံရှင်များဖြင့် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ကျောက်ဖြူတွင် အသက်ကယ် အောက်စီဂျင်လှူဒါန်းရန် ရန်ပုံငွေရရှိရေး နာမည်ကြီး တေးသံရှင်များဖြင့် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

အာရကန်ကိုကို (မြစ်မခ)

ကျောက်ဖြူ၊ မတ်(၂၁)ရက်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကုတင်(၁၀၀)ဆန့် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသသော လူနာ ရှင်များအတွက် အသက်ကယ် အောက်စီဂျင် အခမဲ့ လှူဒါန်းပေးနိုင်ရန်အတွက် နာမည်ကြီး တေးသံရှင်များ၊ အနုပညာရှင်များဖြင့် ရန်ပုံငွေ ရရှိရန် စင်တင်ဂီတဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဂီတဖျော်ဖြေပွဲအား ကျောက်ဖြူမြို့နယ် လေးဝတီ ကုလရက္ခိတ(ပရဟိတ)အသင်းနှင့် အလိုတော်ပြည့် ကယ်ဆယ်ရေးအဖွဲ့တို့မှ ကြီးမှူးပြီး ကျောက်ဖြူမြို့နယ် နာရီစင်ကွင်းတွင် မတ်လ(၂၅)ရက်နှင့် (၂၆)ရက် (၂)ရက်တာ ကျင်းပြသွားမည်ဖြစ်သည်။

ဖျော်ဖြေမည့် တေးသံရှင်များဖြစ် ထူးအယ်လင်း၊ ခွန်းဆင့်နေခြည်နှင့် သရုပ်ဆောင် နေထက်လင်း၊ ဆုပန်ထွာ၊  လှမျိုးသဉ္ဇာနွယ်အစရှိသည့် တေးသံရှင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

“အောက်စီဂျင်လိုအပ်မှုက တစ်လထက်တစ်လ တိုးတိုးလာပါတယ်။ အဲဒီကရတဲ့ငွေကို ကျေက်ဖြူဆေးရုံအပြင် ခရိုင်အတွင်း မာန်အောင်ဆေးရုံ၊ ဇင်ချောင်းဆေးရုံတွေမှာ လိုအပ်တဲ့ လူနာတွေအတွက် လှူဒါန်းသွားဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ရတာဖြစ်ပါတယ်။”ဟု ပွဲစီစဉ်သူ ကျောက်ဖြူမြို့နယ် လေးဝတီ ကုလရက္ခိတ (ပရဟိတ) အသင်း ဥက္ကဌ ဦးဝင်းမောင် (ဂျပန်)က ပြောသည်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ တက်ရောက်ကုသနေသော လူနာရှင်များ အ တွက် တစ်လလျှင် ပျမ်းမျှအောက်စီဂျင်လုံးရေ(၈၀)မှ(၁၂၀)၀န်းကျင်ထိ အရေးပေါ်လိုအပ်လျက်ရှိပြီး အဆိုပါ လိုအပ်ချက်များအား လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်းမှ အသင်းဝင်များနှင့် မြို့ခံစေတနာရှင်များ၏  လှူဒါန်းသော်လည်း လုံလောက်မှုမရှိသဖြင့် ဂီတဖျော်ဖြေပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ပုံငွေရှိုးပွဲအတွက် လက်မှတ်(၂)စောင် ၀ယ်ထားတယ်။ လူနာရှင်တွေအတွက် အောက်စီဂျင် အခက်အခဲ မရှိ လှူဒါန်းနိုင်ဖို့အတွက် မြို့သူမြို့သားတွေကိုလည်း လှူဒါန်းတဲ့သဘောနဲ့ လက်မှတ်တွေများများဝယ်ပြီး  အားပေးကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။”ဟု ကျောက်ဖြူမြို့ခံ အရာရှိရပ်ကွက်မှ ဦးသန်းဦးက ပြောသည်။

ရန်ပုံငွေဂီတဖျော်ဖြေပွဲအဖြစ် လက်မှတ်နှုန်းထားများကို ပထမတန်း(၁၀၀၀၀)ကျပ်၊ ဒုတိယတန်း (၇၀၀၀)ကျပ် နှင့် တတိယတန်း(၅၀၀၀)ကျပ် အသီးသီး သတ်မှတ်ထားပြီး လက်မှတ်များအား ကျောက်ဖြူမြို့ သာသနာ့ ဗိမာန်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

”ဆေးရုံမှာ အောက်စီဂျင် ပြတ်လို့ကို မရဘူး။ နေစဉ်နဲ့အမျှ လိုအပ်နေပါတယ်။ အောက်စီဂျင် အခမဲ့ လှူဒါန်းပေး နေတဲ့ လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်းသာ မရှိရင် လူနာတွေအတွက် မတွေးရဲစရာ ဖြစ်လာမှာပါ။ ကိုယ့်မြို့မှာ အောက်စီဂျင်ထုတ်လုပ်နိုင်တဲ့ စက်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ လိုအပ်လာပါပြီ။”ဟု  ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ အကြီးတန်းသူနာပြုတစ်ဦးက ပြောသည်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ လူနာရှင်များ လိုအပ်လျက်ရှိသော အောက်စီဂျင်များကို ရန်ကုန်မှ တစ်ဆင့် တစ်လုံးကို ကားခအပါအ၀င်(၂၃၀၀၀)ကျပ်ဖြင့် လစဉ် ကျပ်သိန်း(၂၀)မှ ကျပ်(၂၅)သိန်း ၀န်းကျင်ခန့် ဖြင့် တင်သွင်းလှူဒါန်းပေးနေရကြောင်း လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်းမှ သိရသည်။

Check Also

ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ထွယ်ဆန်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၉ ရက်။ Pen Myanmar မှ စီစဉ်၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်း ရေးသားနည်းသင်တန်းအမှတ်စဉ် ၁/၂၀၁၇ …