Monday , May 29 2017
Home / သတင်း / အနုပညာသတင်း / မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံး ဥက္ကဌသစ် ရွေးချယ်ခြင်းကို အကယ်ဒမီပေးပွဲအပြီးတွင် ပြုလုပ်သွားမည်

မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံး ဥက္ကဌသစ် ရွေးချယ်ခြင်းကို အကယ်ဒမီပေးပွဲအပြီးတွင် ပြုလုပ်သွားမည်

ဝါးဝါး (မြစ်မခ)

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး ဥက္ကဌ သက်တမ်းသစ်အတွက် ဥက္ကဌ သစ်ရွေးချယ်တင်မြောက်ခြင်းကို ၂၀၁၇ ခုနှစ်၊ မတ်လ(၁၈)ရက်တွင် ကျင်းပမည့်အကယ်ဒမီဆုပေးပွဲပြီးမှသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥက္ကဌသစ်ရွေးကောက်တင်မြောက်ရန် ရွေးကောက်ပွဲကာလကို မတ်လမှ စက်တင်ဘာလအထိ လျာ ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး၊ ပြန်ကြားရေးမှူး အေဝမ်းသိန်းထွဋ်ထံမှ သိရသည်။

“ဥက္ကဌသစ်ရွေးကောက်ဖို့က လိုတော့လိုပါသေးတယ်။ အကယ်ဒမီပေးပွဲပြီးမှစပြီး စီစဉ်ကြမှာပါ။ အမှန်တော့ ဥက္ကဌ သက်တမ်းနဲ့ အမှုဆောင်အလွှာက သုံးနှစ်သက်တမ်းရှိတယ်။ အခုက၂ နှစ်ပြည့်တာပါ။ အဲ့သုံးနှစ်က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ ပြည့်မယ်။ ဒါပေမယ့် ဒီကြားထဲ လက်ရှိ ဥက္ကဌကို တိုက်ခိုက်ပြီး တောင်းဆိုကြတာ တွေရှိတော့ ဒါတွေပေါ်မူတည်ပြီး နာယကကြီးတွေက အချိန်ကာလကို ရှေ့တိုးနောက်ဆုတ် လုပ်လိုက်တာပါ။ ဒါကြောင့် အကယ်ဒမီပေးပွဲအပြီး စီစဉ်လိုက်တာပါ။”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး၊ ပြန်ကြားရေးမှူး အေဝမ်းသိန်းထွဋ်က ပြောသည်။

အဆိုပါ ဥက္ကဌသစ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း၍ အလွှာအလိုက် အဆိုတင်သွင်း နိုင်ရန်ကြေငြာမည်ဖြစ်ပြီး အလွှာတစ်လွှာအတွက်အမှုဆောင်(၂)ဦးကို မဲစနစ်ဖြင့်ရွေးချယ်ကာ အလွှာ(၁၀)လွှာ အတွက် အမှုဆောင်(၂၀)ကို ရွှေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အလွှာ(၁၀)လွှာက လူတွေအားလုံးက ကိုယ့်အလွှာအတွက် ကိုယ်ကြိုက်တဲ့ သူကိုမဲပေးရမယ်။ မဲစနစ်နဲ့ သွား မှာပါ။ ဒီလိုမဲစနစ်က ဦးဇင်ဝိုင်းလက်ထက်က စခဲ့တာပေါ့။ ဥက္ကဌအသစ်ဖြစ်ဖို့က ပါလာမယ့် အယောက်(၂၀)ပေါ် မူတည်တယ်။ ဒီ(၂၀)ဦးကလည်း အစည်းရုံးရဲ့ CEC အဖွဲ့မှာပါဖို့  အရွေးခံရပါမယ်။ ပြီးမှ ဒီအယောက် (၂၀) ထဲက နေ ဥက္ကဌ၊ အတွင်းရေးမှူးဆိုတာတွေ ပြန်ထွက်လာမှာပါ။”ဟု အေဝမ်းသိန်းထွဋ်က ရှင်းပြသည်။

မြန်မာရုပ်ရှင်အစည်းရုံးဥက္ကဌသစ်ရွေးချယ်မှုကို အလွှာအသီးသီးမှ မဲပေးဆုံးဖြတ်ခြင်းအား ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်တွင် ပြန်ကြားရေးဌာနမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Check Also

အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ လူမှုကွန်ယက်စာမျက်နှာမှ ဝေဖန်ပြောဆိုချက်များကို ပြန်လည်ဖြေရှင်း ပြောဆို

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ(၄)ရက်။ အဆိုတော်၊ သရုပ်ဆောင် မေဖြူဖြူမှ ၎င်းအား လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ပြောဆိုချက်များသည်  စစ်မှန်သော ဒီမိုကရေစီ၏အနှစ်သာရကို နားမလည်သေး၍ ဖြစ်ကြောင်း ပြန်လည်ပြောဆိုလိုက်သည်။