Monday , March 12 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / ခရုကိုက်ဖြတ်စားသုံးမှု အဆိုးရွားဆုံးခံနေရသည့် ကျိုက်မရောမြို့နယ်

ခရုကိုက်ဖြတ်စားသုံးမှု အဆိုးရွားဆုံးခံနေရသည့် ကျိုက်မရောမြို့နယ်

snail in Kyitemayaw

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာအချို့ရှိ စိုက်ပျိုးမြေများတွင် ခရုများကျကာ စိုက်ပျိုးပင်များ အား ကိုက်ဖြတ် စားသုံးနေသည့်အတွက် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေကာ လယ်သမား အများစု ဒုက္ခကြုံတွေ့နေရသည်ဟု လယ်သမားများထံမှ သိရသည်။

 

ကျိုက်မရောမြို့နယ်အတွင်းရှိ ကော့လင်းရွာ အပါအ၀င် အတ္တရံမြစ်နှင့် အနီးတ၀ိုက် ကျေးရွာများတွင် ခရု အန္တရာယ်ကျရောက်နေခြင်းဖြစ်ပြီး ကော့လင်းကျေးရွာ အနီးတ၀ိုက်တွင် လယ်ဧက ၆၀ ကျော်ခန့် ပျက်စီး ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လယ်သမားမျာအနေနှင့် ခရုကောက်ရသည်မှာ အလုပ်တစ်ခုဖြစ်နေကြောင်းနှင့် မည်သို့ပင် ကောက်သော် လည်း မနက်လင်းသည်နှင့်ခရုများပြန်တက်လာကြောင်း၊ လယ်သမားများအနေနှင့် ထိုကိစ္စအတွက် အခက် အခဲများစွာ တွေ့နေရကြောင်း၊ မြို့နယ်လယ်ယာ စိုက်ပျိုးရေးဌာနသို့  အကြောင်းကြားထားကြောင်း သိရသည်။

မြို့နယ်မှလာရောက်စစ်ဆေးမှုများ ပြုလုပ်ပြီးသော်လည်း ၎င်းတို့ အနေဖြင့် ခရုများကိုသာ ဆင်းကောက် ခိုင်းကြောင်းနှင့် ထိုခရုများကို မည်သည့်ပိုးသတ်ဆေးနှင့်မှ နှိမ်နှင်းနိုင်ခြင်း မရှိဟု သိရသည်။

“ကျွန်တော်တို့လည်း ဘယ်လို လုပ်ရမှန်းမသိဘူး။ အဲ့ဒီခရုတွေက စပါးစစိုက်တဲ့  အချိန်ကစပြီး အပင်တွေကို စားတာ။ အခုလို ဖြစ်တာ၂ နှစ် လောက်ရှိပြီ ဒါပေမဲ့ ဒီနှစ်ကတော့ဆိုးတယ်။ ကျွန်တော်ဆို လယ်တ၀က် လောက် ပျက်သွားပြီ။ ခရုဆင်းကောက်ခိုင်းလို့ ဆင်းကောက်တော့လည်း နောက်နေ့မနက်ဆို ပြန်ရောက် နေတာပဲ။ ခရုသတ်ဆေးဆိုတာတွေကလဲထိရောက်မှု မရှိဘူး။ ကျွန်တော်တို့ တော်တော် အခက်ကြုံ နေတာပါ” ဟု လယ်(၁၀)ဧကကျော် ပိုင်ဆိုင်သည့် ဦးမောင်ကြီးက ပြောသည်။

ခရုကျရောက်မှုအား မုဒုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ တွင် ယမန်နှစ်က ဆိုးဆိုးဝါးဝါးခံစားခဲ့ရကာ ယခုနှစ် တွင် အဆိုးဆုံးကြုံတွေ့နေသော လယ်မြေများမှာ ကျိုက်မရောမြို့နယ်ရှိ လယ်မြေများ၌ အဖြစ်များကြောင်း သိရသည်။

အဆိုပါ ခရုများကို ရှင်းလင်းသွားအောင် လုပ်ဆောင်၍ မဖြစ်နိုင်ကြောင်းနှင့် အထိရောက်ဆုံး ကာကွယ်နိုင်မည့် နည်းလမ်းများသာရှိပြီး ခရုများမှာ ကရင်ပြည်နယ်မှ အတ္တရံမြစ်ကြောင်းအတိုင်း ပါလာခြင်းဖြစ်ပြီး မွန်ပြည်နယ် အတွင်းရှိ စပါးခင်းများကို ၀င်ရောက် စားသောက်နေခြင်းဖြစ်သည်။

“ဒီခရုတွေကို အပြတ်ရှင်းဖို့ မဖြစ်နိုင်ဘူး။ အကောင်းဆုံးက လယ်ထဲကို ဆင်းကောက်တာ အကောင်းဆုံးပဲ။ သူတို့ဥရဲ့တွေ ရှိပါတယ်။ အဲ့ဒီဥတွေကို ဖျက်စီးပစ်ရမှာပါ။ ခရုသတ်ဆေးဆိုတာကလဲ သုံးတိုင်း မကောင်းပါဘူး။ ကွင်းဆင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ အခုဖြစ်တဲ့  နယ်ဘက်ကိုတော့ မရောက်သေးဘူး။့ ဆင်းစစ်ဆေး မှာပါ။ လယ်တွေနားမှာ ခရုနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပိုစတာတွေနဲ့  သတိပေးဖို့တွေ လုပ်သွားမယ်။ ကွင်း ဆင်းပြီး လယ်သမားတွေကို ပညာပေးဟောပြောပွဲတွေ လုပ်သွားမယ်။ လယ်သမားတွေ ဘက်လဲ ကိုယ့် လယ်မှာဖြစ်ပြီဆိုရင် ကျွန်တော်တို့ဌာနကိုအကြောင်းကြားပေးဖို့လိုပါတယ်။” ဟု မွန်ပြည်နယ် စိုက်ပျိုးရေး ဌာနလက်အောက်ရှိ သီးနှံကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရုများ နှိမ်နင်းရာတွင် ခရုသတ်ဆေးကို သုံးစွဲမည်ဆိုပါက သုံးစွဲပုံသုံးစွဲနည်းကို သေချာစွာ သိသင့်ပြီး ဂရုစိုက် သုံးစွဲသင့်ကြောင်းနှင့် ခရုသတ်ဆေးသုံးစွဲထားသော သီးပင်စားပင်များအား ရက်ပေါင်း (၅၀) အတွင်း စားသုံး ခြင်း မပြုသင့်ကိုလည်း သီးနှံကာကွယ်ရေးဋ္ဌာနမှ သိရသည်။

အဆိုပါ ဒေသများတွင် ခရုများကို စားသုံးကြကြောင်းနှင့် ခရုများကို စားသုံးပါက ဦးနှောက် အမြှေးရောင် ရောဂါနှင့် အသည်းရောင် အသားဝါရောဂါတို့ ဖြစ်နိုင်ကြောင်း ခရုသတ်ဆေးဖြန်းထားသော လယ်ကွက် အတွင်းရှိ ခရုများကို စားသုံးမိပါက စားသုံးသည့်လူ၌ ရောဂါအန္တာယ်ရှိနိုင်ကြောင်းကိုလည်း သိရသည်။

Check Also

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ …