Monday , November 27 2017
Home / FNews / မြန်မာ့ စိုက်ပျိုးရေးကဏ္ဍနှင့် ကမ်းလွန်ပင်လယ် ငါးဖမ်းလုပ်ငန်းများ၌ ဂျပန်လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထား

မြန်မာ့ စိုက်ပျိုးရေးကဏ္ဍနှင့် ကမ်းလွန်ပင်လယ် ငါးဖမ်းလုပ်ငန်းများ၌ ဂျပန်လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထား

 

ယမုံ (မြစ်မခ)

ရန်ကုန်၊ အောက်တိုဘာ (၂၃)ရက်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးကဏ္ဍနှင့် ကမ်းလွန်ပင်လယ် ငါးဖမ်းလုပ်ငန်းများ၌ ဂျပန်လုပ်ငန်းရှင်များကို ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်ရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရှိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ အောက်တိုဘာ (၂၃) ရက်က ကျင်းပသည့် (၁၃) ကြိမ်မြောက် ဂျပန်-မြန်မာ၊ မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ရာတွင် UMFCCI အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်အနေနဲ့ စိုက်ပျိုးရေးကဏ္ဍမှာလည်း ပါဝင်လုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်။ နိုင်ငံတော်အစိုးရကလည်း ဦးစားပေးဆောင်ရွက်မဲ့ကဏ္ဍအဖြစ်သတ် မှတ်ထားပါတယ်။ ဒါကြောင့် ထပ်တိုးတန်ဖိုးမြှင့် argo-based SME industries တွေ ကမ်းလွန်ပင်လယ်ငါးဖမ်းလုပ်ငန်းတွေ ရေထွက်ပစ္စည်း seafood processing industries တွေ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ဖို့အတွက် အကြံပြုပါတယ်။ ဂျပန်နိုင်ငံအတွက် စားသောက်ကုန်စည်တွေရရှိနိုင်သလို မြန်မာပြည်တွင်းရဲ့ ဝယ်လိုအားကိုလည်း ဖြည့်ဆည်းနိုင်ပါတယ်။ ဒါအပြင် ပိုလျံတာတွေကို နိုင်ငံတကာ ဈေးကွက် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာရှိသည့် လုပ်ငန်းကဏ္ဍများမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ ခေတ်မီပြည်တွင်း ပြည်ပ ဆိပ်ကမ်းများ ဆောက်လုပ်ရေး၊ digital ICT ဆက်သွယ်ရေးစသည့် လုပ်ငန်းများဖြစ်ပြီး ပြည်တွင်း ဈေးကွက် အပြင် အထူးစက်မှုဇုန်များ(သို့မဟုတ်) ပို့ကုန်အထူးစက်မှုဇုန်များအတွက် လိုအပ်လျက်ရှိသည့် စားသောက် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ Tools and instrument s light-industry များ၌လည်းရင်းနှီး မြှုပ်နှံမှုပြုလုပ် သင့်ကြောင်း သိရသည်။

“လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီး ဂျပန်လုပ်ငန်းရှင်တွေက အခုထဲက ဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။ ဥပမာ မြေသြဇာလုပ်ငန်း၊ လယ်ယာကဏ္ဍမှာဆိုရင် နည်းပညာတွေ လယ်ယာထွက် ကုန်ပြုပြင်ရေးလုပ်ငန်းတွေ ဆန်၊ နှမ်းတင်ပို့တာတွေကိုလည်း ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ ဒါပေမဲ့ ငါးဖမ်းကဏ္ဍမှာဆိုရင်တော့ အခုကနေ စပြီးတော့ ဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု Japan-Myanmar CCI Business Cooperation Committee & the Japan-Mekong CCI Business Cooperation Committee ၏ ဥက္ကဋ္ဌ Mr.Yoichi Kobayashi ကပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ဦးစားပေးဆောင်ရွက်မည့် ကဏ္ဍများဖြစ်သည့် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေး အခြေခံတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ် ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ လျှပ်စစ်ဓါတ်အားပေးရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ ထောက်ပံ့ ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာ ရေးဆိုင်ရာလုပ်ငန်းများ၊ တန်ဖိုး နည်း အိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများနှင့် စက်မှုမြို့တော်တည်ဆောက်မှု လုပ်ငန်းများစသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ၌ တင်ပြလာသည့် အဆိုပြုလွှာများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကကျတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဂျပန်နိုင်ငံလို ဖွံ့ဖြိုးပြီးနိုင်ငံက ရင်းနှီးမြှုပ်နှံ မှုလုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အထူးသဖြင့်လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို လုပ်ကိုင်နေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ်လို့ ထင်ပါတယ်။”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင် များအသင်းချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း(၄၉)နိုင်ငံရင်းနှီးမြှုပ်နှံပြုလုပ်သည့်အနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် (၄)နေရာတွင်ရှိ၍ စီးပွားရေးကဏ္ဍာ(၁၂)ခုတွင် ၂၀၁၇ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ လုပ်ငန်းပေါင်း (၉၆)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၇၁၇. ၁ ၂၂)သန်း ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်- မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ အမေရိကန် ဒေါ်လာ(၂၉၁၀.၂၅) သန်းရှိကြောင်း သိရသည်။

 

 

Check Also

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ …