Monday , November 27 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

ယမုံ (မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။

မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

“တရုတ်နိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကို ပေးအပ်တဲ့ တဖက်သက်အကောက်အခွန်ကင်းလွတ်ခွင့် (Duty Free Treatment)အရ National Tariff Line မှာ ကျွန်တော်တို့ (၉၇)ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ် ခွင့်ပေးထားပါတယ်။ ဒါပေမဲ့လည်း အဲဒီစာရင်းထဲမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ဆန်နဲ့ ပြောင်း မပါဝင်သေးဘူးဆိုတာတွေ့ရတဲ့အတွက် ဒါလေးကိုလည်း ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။”ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ စက်တင်ဘာ ၁၈ ရက် ကကျင်းပသည့် The Sixth Meeting of UMFCCI and YPGCC Economy and Trade Cooperation Forum တွင် အမြဲတမ်းအတွင်းဝန်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဆန်နှင့် ပြောင်းတို့ကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် Quota စနစ်ဖြင့် ခွင့်ပြုထားသည့် ကန့်သတ်ပမာဏ အတိုင်းသာ နှစ်စဉ်တင်ပို့နေရကြောင်း သိရသည်။

“Quota ရရှိရေးလည်း အရင်က ဆန်တန်ချိန်တစ်သိန်းပေးထားတာရှိတယ်။ အဲဒါကို တန်ချိန် (၂)သိန်းပို့ဖို့ ညှိ ထားတယ်။ သူတို့ဖက်ကလည်း ဒါကို(၂)သိန်းပေးဖို့အတွက်ကို ဆက်ပြီးတော့ ဆွေးနွေးဖို့ လုပ်ရဦးမယ်။ အဲဒါ Quota ထဲမှာဆိုရင် အခွန်ကနည်းတယ်၊ Quota အပြင်ဆိုရင် အခွန်များတယ်။ အဲဒါတွေကို ညှိနေတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ဘက်က တောင်းဆိုထားတာပဲရှိသေးတယ်။”ဟု ဦးတိုးအောင်မြင့်က ဆက်ပြောသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံမှ ကုန်သည်များကလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

“ဆန်နဲ့ ပြောင်းကို အခွန်ကင်းလွတ်ခွင့်ရအောင် ယူနန်နဲ့ မြန်မာနယ်စပ်မှာရှိတဲ့ ရွှေလီတစ်ဝိုက်မှာ တဟုန်ခရိုင် ဆိုတာရှိတယ်။ တဟုန်ခရိုင်အစိုးရကတော့ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံအကြားမှာ ကုန်သွယ်မှုက နှစ်စဉ်အ လိုက်မြင့်မားနေတယ်။ အဲဒီအချိန်မှာကတော့ တဟုန်အစိုးရအနေနဲ့ ပြည်နယ်အစိုးရဆီကို တင်ပြထားပါတယ်။ ဒီအခွန်ကင်းလွတ်ခွင့်တွေကို မြန်မြန်နဲ့ ကင်းလွတ်ခွင့်ပေးပါ။ ဆောင်ရွက်ပေးပါလို့ ပြည်နယ်အစိုးရဆီတင်တယ်။ ယူနန်အစိုးရအနေနဲ့လည်း တရုတ်ပြည်၊ ဗဟိုအစိုးရထိလည်း တင်ပြနေပါတယ်။ ကျွန်တော်တို့လည်း ဝိုင်းဝန်း ဆောင်ရွက်ပေးနေပါတယ်။”ဟု Yunnan Provincial General Chamber of Commerce(YPGCC) ဒုတိယ ဥက္ကဌ Mr.Yan Yu ကပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသည့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများမှာ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ဖရဲ၊ သခွား၊ ကျွဲကော၊ သရက်တို့ပါဝင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန်(၄)ခုရှိသော်လည်း မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။

 

Check Also

ရွာငံတွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီစိုက်ပျိုးသည့် တောင်သူများကို အော်ဂဲနစ်လက်မှတ်ပေးအပ်

မြတ်မိုးသူ (မြစ်မခ) တောင်ကြီး၊ သြဂုတ် ၂၈ ရက်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီ စိုက်ပျိုးတောင်သူများကို အောင်နေလင်းထွန်းကုမ္ပဏီ(ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ)က …