Friday , September 22 2017
Home / FNews / သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

 

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ စက်တင်ဘာ ၁၉ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် ရာဘာ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဒေသတွင်း ရာဘာစိုက်တောင်သူများ၏ဝင်ငွေ တိုးပွားလာစေပြီး လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရေး ဒေသတွင်း နိုင်ငံတကာဈေးကွက်ဝင်ရာဘာများထုတ်လုပ်နိုင်ရန် ရည်ရွယ်ဝယ်ယူရခြင်းဖြစ်ကြောင်း သထုံမြို့ နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဒေါက်တာသန်းမျိုးကပြောသည်

“ခြံရှင်တွေက အသန့်တော့လုပ်ကြတာပဲ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသန့်မထွက်ဘူးဖြစ်နေတယ်။ ဒေသကထွက်တဲ့ရာဘာက သူများဆီကထက် ဈေးနှိမ်ခံရတာတွေဖြစ်နေတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်က လည်း အားပေးတာရှိတယ်၊ ရာဘာအသန့်သာ ထုတ်နိုင်ပါစေ၊ ဈေးကွက်ကိုရှာပေးမယ်လို့ အာမခံထားတာရှိ တယ်။ ဒါကြောင့် ရာဘာပြားအသန့်တွေထုတ်နိုင်ဖို့ အရည်ကိုဝယ်ယူမှာပါ”ဟု ဒေါက်တာသန်းမျိုးကပြောသည်။

ရာဘာအရည် လာရောက်ရောင်းချသူများအနေဖြင့် လာရောက်ရောင်းချသော မိမိပစ္စည်းများအား ကာလပေါက် ဈေး စောင့်ဆိုင်းရောင်းချလိုပါက စက်ရုံက လက်ခံထိန်းသိမ်းထားပေးမည်ဖြစ်ပြီး မိမိလိုအပ်သောအချိန်တွင် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းမျိုးကဆက်ပြောသည်။

ဒေသတွင်းရှိ ဝေးလံဒေသများမှရာဘာခြံရှင်များ ရာဘာအရည်များ လာရောက်ရောင်းချရာတွင် အခက်အခဲများ မရှိစေဘဲ နီးစပ်ရာဝန်းကျင်အထိ လာရောက်ရောင်းချနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

ဒေသအတွင်း ရာဘာအများအပြားစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများအနေဖြင့် ကိုယ်ပိုင်သန့် စင်ထုတ်လုပ်နိုင်သောကြောင့် ဈေးကောင်းရသော်လည်း တနိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူအများစုမှာ အရည် အသွေးကောင်းသည့်ရာဘာများရရှိရန် နည်းပညာနှင့် ငွေကြေးအခက်အခဲများရှိနေကြောင်း သိရသည်။

“ခုအနေအထားအရဆို ကျွန်တော်တို့ခြံတွေမှာလည်း တစ်နိုင်တစ်ပိုင်ကြိတ်စက်လေးတွေနဲ့ လုပ်ကိုင်နေကြ တယ်။ အလုပ်သမားကတော့ တစ်နှစ်ထက်တစ်နှစ်ရှားလာတော့ ခုလိုအရည်ပဲဝယ်မယ်ဆိုတဲ့အပေါ်မှာ စဉ်းစား တွက်ချက်ပြီးတော့ ရောင်းသွားမှာပါ။ နဂိုလုပ်နေတဲ့ ရာဘာပြားရပြီးမှရောင်းတာနဲ့ အရည်ရောင်းတာ၊ ဘယ် ဟာက ကိုယ့်အတွက် ပိုမိုအမြတ်ရနိုင်မလဲဆိုတာကြည့်ရမယ်”ဟု ကြာပန်းကျေးရွာမှ ရာဘာခြံရှင်တစ်ဦးဖြစ်သူ ဦးတင်စိုးကပြောသည်။

သထုံမြို့နယ်တွင် ရာဘာတစ်ဧကစိုက်ပျိုးပါက တစ်ရာသီလျှင် ပျှမ်းမျှပေါင်(၆၅၀)ဝန်းကျင်ထွက်ရှိနေပြီး ကျွမ်း ကျင်လုပ်သား အသုံးပြုနိုင်ပါက ပိုမိုထွက်ရှိလာမည်ဖြစ်သည်။

သထုံမြိုနယ်တွင် ရာဘာစိုက်ဧကပေါင်း လေးသောင်းကျော်ရှိသည့်အနက် ထုတ်လုပ်သည့်ဧကပေါင်းမှာ နှစ် သောင်းကျော်ခန့်သာရှိပြီး နှစ်စဉ်ရာဘာတန်ချိန်(၃၀၀၀)ကျော်ထုတ်လုပ်နိုင်ကြောင်း သိရသည်။

ရာဘာများကို ဒေသတွင်း ရာဘာပစ္စည်းထုတ်လုပ်သည့်စက်ရုံများသို့ ရောင်းချခြင်းများအပြင် ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်တို့သို့ရောင်းချလျက်ရှိကြောင်း မြို့နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းထံမှ သိရသည်။

 

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …