Friday , September 22 2017
Home / FNews / တွံတေးမြို့နယ်၌ ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဦးစီးဌာနများသို့ တင်ပြထား

တွံတေးမြို့နယ်၌ ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဦးစီးဌာနများသို့ တင်ပြထား

ယမုံ (မြစ်မခ)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မြေ(၅)ဧကဝန်းကျင်တွင် ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဌာနများသို့ ဇူလိုင်လဆန်းပိုင်းအတွင်း တင်ပြထားကြောင်း မြန်မာနိုင်ငံငါးရှဥ့်လုပ်ငန်းရှင်များအ သင်းမှ သိရှိရသည်။

မွေးမြူရာတွင် ငါးရှဥ့်ကို ဗီယက်နမ်နိုင်ငံမှ Cantho တက္ကသိုလ်၊ ငါးလင်ပန်းကို ဂျပန်နိုင်ငံ Daiichi ကုမ္ပဏီတို့နှင့် ပူးပေါင်းမွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုမှ လျှောက်ထားတာပေါ့။ ဒါက လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပေါ့။ ဒါက စီးပွားဖြစ်နိုင်တဲ့အတွက် အ ကုန်လုံးကလည်း ကျွန်မတို့ကိုပံ့ပိုးပေးမှာပါ။ ဘာလို့လဲဆိုတော့ ဒါကို နိုင်ငံတော်ကမလုပ်နိုင်လို့ ပုဂ္ဂလိကပိုင်းက နေပြီးတော့ ကူလုပ်တာပေါ့။ ငါးရှဥ့်နဲ့ ငါးလင်ပန်းကို ဘာလို့လုပ်လဲဆိုတာ အခြေခံအချက်ရှိပါတယ်။ ငါးရှဥ့်၊ ငါး လင်ပန်းကို ကိုယ့်ပြည်တွင်းက သိပ်မစားဘူး။ ဒါပေမဲ့ Export ပြုလုပ်ဖို့အတွက် အရမ်းကောင်းတယ်။ Export ပြုလုပ်ဖို့အတွက် ဘယ်လောက်ထွက်ထွက် ရောင်းနိုင်တဲ့ ထွက်ကုန်ဖြစ်တဲ့အတွက် ဒါကိုကျွန်မတို့အနေနဲ့ လုပ်ကိုလုပ်ရမယ်။”ဟု မြန်မာနိုင်ငံငါးရှဥ့်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

ငါးရှဥ့်စမ်းသပ်မွေးမြူနိုင်ရန် မြန်မာနိုင်ငံမှ သားဖောက်လုပ်ငန်းကျွမ်းကျင်သူ(၃)ဦးကို ဗီယက်နမ်နိုင်ငံ Cantho တက္ကသိုလ်သို့ခေါ်ဆောင်၍ ငါးရှဥ့်သားဖောက်ခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ မွေးမြူခြင်းနှင့် အခြားငါးမျိုးစိတ်များ သားဖောက်ခြင်းများကိုပါ သွားရောက်လေ့လာသင်ယူမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် ငါးလင်ပန်းမွေးမြူရေးလုပ်ငန်းအတွက်လည်း အမေရိကန်ဒေါ်လာ (၁) သန်းရင်းနှီးမြှုပ်နှံ၍ Anguilla Anguilla မျိုးစိတ်ကို မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။

“စမ်းသပ်ဆောင်ရွက်တာဖြစ်လို့ ငါးရှဥ့်တို့၊ ငါးလင်ပန်းတို့က မြေနေရာအကျယ်ကြီး မလိုဘူး။ ပြီးတော့ ကန်တွေ၊ ဘာတွေလည်း တူးစရာမလိုဘူး။ ခေတ်မီနည်းစနစ်နဲ့ပဲ ဆောင်ရွက်မှာဖြစ်တယ်။ သုတေသနအောင်မြင်ပြီးရင် သူက စီးပွားရေးပါ တန်းလုပ်လို့ရတဲ့ နေရာမျိုးဆိုတော့ ငါးဧကလောက်ပဲလိုအပ်ပါတယ်။ အခုကတော့ ကိုယ့်ဟာကိုယ် ဝယ်ထားတာပေါ့။ အခု ဘယ်သူမှမလုပ်ဆောင်တဲ့အတွက် အခြားသူတွေကို ဒါတွေပြပြီးတော့ လုပ်ဆောင်နိုင်အောင်ပါ။”ဟု ဒေါက်တာ တိုးနန္ဒာတင်က ဆက်ပြောသည်။

ဂျပန်နိုင်ငံဈေးကွက်အတွင်းရောင်းချနေသည့် ငါးလင်ပန်းမှာ Anguilla japonica အမျိုးအစားဖြစ်ကာ ပြည်တွင်း ငါးလင်ပန်းမျိုးစိတ်ကိုလည်း DNA စစ်ဆေးမှုပြုလုပ်ရန် ဂျပန်နိုင်ငံသို့ နမူနာပို့ဆောင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတအလျောက်ဖမ်းဆီးရရှိသည့် ငါးရှဥ့်များ၊ ငါးလင်ပန်းများကို တရုတ်ဈေး ကွက်သို့ အဓိကတင်ပို့လျက်ရှိကာ ဖမ်းဆီးရရှိမှု နည်းပါးလာခြင်းကြောင့် ပြည်ပတင်ပို့ရာတွင် အကောင်အရွယ် အစား မတူညီခြင်း၊ အသေအပျောက် များပြားခြင်းတို့ကြောင့် ဈေးကွက်သို့ အမြန်ဆုံးတင်ပို့ရောင်းချရပြီး ငါးရှဥ့်၊ ငါးလင်ပန်းမွေးမြူခြင်းကို ကျေးလက်ဒေသနေပြည်သူများအနေဖြင့် လယ်ယာလုပ်ငန်းနှင့် တွဲဖက်ပြုလုပ်နိုင် ကြောင်း သိရသည်။

 

Check Also

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ(၁၇)သိန်းနီးပါးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့

မင်းခန့် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၆ ရက်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နှစ်ဘီးဆိုင်ကယ်(၁၆၉၄၈၂၆)စီးနှင့် သုံးဘီးဆိုင်ကယ်(၂၈၉၉၅)စီးကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် …