Saturday , May 27 2017
Home / FNews / သထုံမြို့နယ်တွင် မိုးစပါးအတွက် ငွေကျပ်သန်းပေါင်း(၇၀၀၀)ကျော် ထုတ်ချေးပေးမည်

သထုံမြို့နယ်တွင် မိုးစပါးအတွက် ငွေကျပ်သန်းပေါင်း(၇၀၀၀)ကျော် ထုတ်ချေးပေးမည်

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ မေ ၂၃ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် ၂၀၁၇ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျပ် သန်းပေါင်း(၇၀၀၀)ကျော် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သထုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

အဆိုပါ ချေးငွေကို ကျေးရွာ(၄၅)ရွာမှ လယ်ဧက(၄၇၅၀၀)ဝန်းကျင်အတွက် လယ်သမား(၅၃၇၆)ဦးကို မေ ၂၂ ရက်မှ စတင်ကာ ထုတ်ချေးပေးနေကြောင်း သိရသည်။  

“စိုက်ပျိုးစရိတ်ချေးငွေပေးရတာက အရင်းအနှီးနည်းတဲ့လယ်သမားတွေ လယ်ယာလုပ်ငန်းခွင်မှာ အဆင်ပြေ အောင်ထုတ်ချေးရတာပါ။ ငွေချေးတဲ့နေရာမှာ လိုအပ်တဲ့အချက်အလက် ပြည့်စုံစွာတင်ပြလာရင် အတိုးနှုန်း သက်သာစွာနဲ့ ထုတ်ချေးပေးနေပါတယ်။ လယ်သမားတွေအနေနဲ့ အပြင်ကနေ ငွေချေးပြီးလုပ်တာထက်စာရင် ဒီက အတိုးနှုန်းသက်သာတဲ့အတွက် သူတို့တွေအဖို့ ပိုအဆင်ပြေစေမှာပါ။ ဒီနှစ်က မိုးစပါးချေးငွေ ချေးယူတဲ့သူ များလာတယ်။ မနှစ်က စပါးဈေးကလည်းမကောင်း၊ အထွက်လည်းနည်းလို့၊ ဒီနှစ်စိုက်ဖို့ အခက်အခဲရှိလို့ဖြစ် မယ်”ဟု သထုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးအေးသိန်းကပြောသည်။

ငွေအရင်းအနှီးနည်းသူ လယ်သမားများအနေဖြင့် ချေးငွေထုတ်ယူပြီး လယ်ယာလုပ်ငန်းအားပိုမိုလုပ်ကိုင်နိုင်ကာ ထုတ်ကုန် ပိုမိုထွက်ရှိလာနိုင်ရေးအတွက်ဖြစ်ကြောင်း သထုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

လယ်သမားများအနေဖြင့် ချေးယူထားသောငွေကြေးများအား လယ်ယာလုပ်ငန်းခွင်အတွက်သာ အသုံးပြုကြရန် လိုအပ်ပြီး စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ချိန်တွင် အကြေမဆပ်နိုင်ပါက မြေခွန်ဥပဒေအပြင် တည်ဆဲဥပဒေများ နှင့်ပါ အရေးယူခံရနိုင်ကြောင်း ဒေါ်အေးအေးသိန်းကပြောသည်။

ထုတ်ချေးပေးရာတွင် လယ်သမားတစ်ဦးအတွက် တစ်ဧကလျှင် ကျပ်(၁)သိန်းခွဲနှုန်းဖြင့် (၁၀)ဧကအထိ အများ ဆုံးထုတ်ချေးပေးလျှက်ရှိရာ ချေးငွေအား ဇွန်လကုန်အထိသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်ကတော့ စပါးဈေးကျတာနဲ့ ချေးငွေပြန်ဆပ်ဖို့ အသည်းအသန်ချေးငှားပေးလိုက်ရတယ်။ အတိုးနှုန်းသက် သာလို့တော်သေးတယ်။ မဟုတ်ရင် မလွယ်ဘူး။ စပါးဈေးကောင်းမှ အထွက်နှုန်းကောင်းမှ လယ်သမားတွေအ တွက်အဆင်ပြေတာ။ မရှိလို့ချေးငှားလုပ်ရတာကို အကြွေးတွေနဲ့နစ်ရမယ့်ကိန်းစိုက်နေတယ်။”ဟု သထုံမြို့မှ  လယ်သမား ဦးဌေးကိုက ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေယူမည့် လယ်သမားအနေဖြင့် ပုံစံ(၇)ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက်ဖွဲ့စည်းပေးထားသော မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ (၃)ဦးလျှင် တစ်စုနှုန်းဖြင့် ချေးယူရမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများအား လယ်သမားများအနေဖြင့် စပါးပေါ်ချိန် ၂၀၁၈ ဇန်နဝါရီမှစတင်၍ ပြန်လည် ပေးအပ်နိုင်ပြီး ချေးငွေနောက်ဆုံးဆပ်ချိန်အား မတ်လကုန်အထိသတ်မှတ်ပေးထားကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …