Monday , November 27 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ / အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို သံချပ်ဖြင့် အသိပညာပေးမည်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို သံချပ်ဖြင့် အသိပညာပေးမည်

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ နိုဝင်ဘာ ၂၁ ရက်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မူ အသိပညာပေးအစီအစဉ်အဖြစ် သံချပ်များထိုးခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့ ညနေ(၅း၀၀)နာရီတွင် မန္တလေးမြို့ရှိ မနော်ယမံကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှား ဆောင်ရွက်နေသည့် spectrum အဖွဲ့မှ သိရှိရသည်။

အမျိုးသမီးနှင့်ကလေးငယ်များအနေဖြင့် အကြမ်းဖက်မူအသိပညာရရှိပြီး ယင်းအကြမ်းဖက်မူအပေါ် တွန်းလှန် နိုင်စေရန်အပြင် သက်ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းအားလုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်
ပူးပေါင်း လုပ်ဆောင်သည်ကိုသိရှိပါက အကြမ်းဖက်သူများအနေဖြင့် အကြမ်းဖက်မူလျော့နည်းသွားနိုင်ကြောင်း spectrum အဖွဲ့မှ ဒေါ်အိအိချောက ပြောသည်။

“အကြမ်းဖက်မခံရဖို့ အသိပညာပေးတာတွေက အသိပညာရဖို့ အများဆုံးလိုအပ်ပါတယ်။ နောက်ပိုင်းဆိုရင် သက်တူရွယ်တူက အသိပညာပေးရင်ပိုရတဲ့အတွက် သက်တူရွယ်တူက ပညာပေးပြဇာတ်လုပ်တာလေးတွေ၊ တစ်ခန်းရပ်ပြဇတ်လေးတွေလုပ်ပါတယ်။ သံချပ်ကတော့ ကလေး၊ လူကြီးမရွေး စိတ်ဝင်စားလို့ရွေးချယ်လိုက် တာပါ။ အိမ်တွင်းအကြမ်းဖက်မူအကြောင်းတွေကို သတင်းစကားတွေပေးခဲ့မယ်၊ အမေးအဖြေတွေပါမယ်။ လူမူ ကွန်ရက်မှာ page ထောင်တာတွေလုပ်မယ်။”ဟု ဒေါ်အိအိချောက ပြောသည်။

ထိုကဲ့သို အသိပညာပေးခြင်းကို လူမူဝန်ထမ်းဦးစီးဌာနက ဦးစီးလုပ်ဆောင်ခြင်းဖြစ်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေသည့်အဖွဲ့များလည်း ပါဝင်မည်ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်တွင် ကျောက်ပန်းတောင်း၊ ၂၆ ရက် တွင် ဝမ်းတွင်း၊ ဒီဇင်ဘာ ၅ ရက်တွင် သာစည်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ပြင်ဦးလွင်စသည်ဖြင့် အသီးသီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

သံချပ်စာသားများဖြင့်အသိပညာပေးခြင်းအပြင် အကြမ်းဖက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အကြမ်းဖက်ခံရခြင်းများ လျော့ကျအောင် လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပေးခြင်းများကိုလည်း ယခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနှင့်ပတ်သက်၍လည်း (၁၆)ရက်တာ အကြိုလှုပ်ရှားမူတွင် လူအခွင့်အရေး၊ မသန်စွမ်း၊ AIDS/HIV စသည့်ကဏ္ဍများလည်းပါဝင်ကာ အခြားအချိန်များတွင်လည်း အသိပညာပေးပွဲများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

 

Check Also

KG တန်းတက်ရောက်နေသည့်ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့်ရိုက်နှက်မှု မိဘအုပ်ထိန်းသူများက သတင်းစာရှင်းလင်း

ချိုမာအောင်(မြစ်မခ) မော်လမြိုင်၊ အောက်တိုဘာ (၁၂) ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် KG တန်းတက်ရောက်နေသည့် ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့် မျက်လုံး၊ ကျော၊ တင်ပါးတို့အား …