Friday , September 22 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ / ကျိုင်းတုံမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်

ကျိုင်းတုံမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်

ထက်တိုင်းကျော်(မြစ်မခ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ World Vision ရုံးခွဲနှင့် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပွဲကို ကျိုင်းတုံဟို တယ်သစ်၌ မတ် ၁၃ ရက်၊ နံနက်(၉)နာရီကပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျိုင်းတုံမြို့နယ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ဒေသမှာနေထိုင်ကြတဲ့ ကလေးငယ်များရဲ့ကလေးအခွင့်အရေး တွေဖြစ်တဲ့ အသက်ရှင်ရပ်တည်နိုင်ခွင့်၊ အစားအစာအာဟာရ ဖူလုံစွာစားသောက်ခွင့်၊ ဘေးကင်းလုံခြုံစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး၊ ကျောင်းပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက် ကျွန်မတို့လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ မြို့နယ်ကော်မတီအပါအဝင် World Vision ကျိုင်းတုံရုံးခွဲတို့က အစီအစဉ် တွေ ရေးဆွဲအကောင်အထည်ဖော်လုပ်ဆောင်ပေးနေပါတယ်။”ဟု ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ လေးသူငယ်အခွင့်အရေးများဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲသူအရာရှိ ဒေါ်လှလှထွန်းက ပြောသည်။

အဆိုပါ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပွဲသို့ ကျိုင်းတုံမြို့နယ် ကလေးသူအခွင့်အရေးများဆိုင်ရာ ကော် မတီဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတုံဌာနေ World Vision ရုံးခွဲမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“သူတို့လုပ်နိုင်သလောက် အင်အားအခြေအနေအရ ဆောင်ရွက်ပေးနေတာတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ပြောချင်တာက လူစွမ်းအားအရင်းအမြစ်အနေနဲ့ ကလေးတွေရဲ့အကျင့်စာရိတ္တတိုးတက်ရေးကိုဆောင်ရွက်နေတာမှာ အားနည်းနေသေးတာကိုတွေ့ရပါတယ်။ ဥပမာ အရွယ်နုငယ်သေးတဲ့ရင်ခွင်ပိုက်အရွယ် ကလေးကိုချီပိုးထားပြီး ရပ်ကွက်ကျေးရွာတွေထဲ၊ ဈေးထဲမှာ တောင်းရမ်းစားသောက်နေတာနဲ့ ကလေးတွေကိုယ်တိုင်ခွက်ကိုင်ပြီးတောင်းရမ်းစားသောက်နေတဲ့အခြေအနေကို ပြောင်းလဲစေမယ့်နည်းလမ်းတွေကို ဆောင်ရွက်ပေးစေချင်ပါတယ်။”ဟု ကျိုင်းတုံမြို့ဒေသခံတစ်ဦးကပြောသည်။

ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ World Vision ရုံးခွဲဌာနများကို မြို့နယ်ပေါင်း(၃၄)ခုတွင် လုပ်ဆောင်ပေးနေကာ ဒေသနေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ များ၊ မြို့နယ်မှာရှိကြသည့် ဒေသဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပါဝင်ပူးပေါင်းကူညီပေးမှုတွေကိုရရှိနေခြင်းမှာ လည်း စီမံချက်များကိုဆောင်ရွက်ရာတွင် အဆင်ပြေစေကြောင်း  ကျိုင်းတုံမြို့ရှိ World Vision ရုံးခွဲမှ Child Protection Specialist ဦးဇော်ဦးကပြောသည်။

 

Check Also

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးဖွင့်လှစ်

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ စက်တင်ဘာ(၂၇)ရက်။ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးကို ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ရတနာ …