Sunday , May 28 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ / လက်ပံတန်းမြို့နယ် NLD လူငယ် တာဝန်ခံအား ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရမှု ရဲစခန်းသို့ သွားရောက်အဖမ်းခံ  

လက်ပံတန်းမြို့နယ် NLD လူငယ် တာဝန်ခံအား ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရမှု ရဲစခန်းသို့ သွားရောက်အဖမ်းခံ  

News No(23)
သီဟလွင် (မြစ်မခ)

ပြည်၊ ဒီဇင်ဘာ(၁၆)။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံအား စည်ပင်ကော်မတီဝင်တစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းမှုကြောင့် အဆိုပါ  လူငယ်မှာ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ဖမ်းဆီးခံခဲ့ကြောင်း သိရှိရသည်။

အမှုဖွင့်တိုင်တန်းထားမှုနှင့် ပတ်သက်၍ ရဲစခန်းက အကြောင်းကြားလာမှုကြောင့် ဒီဇင်ဘာ(၁၅)ရက် နံနက် ပိုင်းက လက်ပံတန်းမြို့မ ရဲစခန်းသို့ တိုင်တန်းခံရသူ လူငယ်တာဝန်ခံ ကိုငြိမ်းချမ်းက ကိုယ်တိုင်သွားရောက်  ဖမ်းဆီးခံခဲ့ခြင်းလည်းဖြစ်သည်။

“သူတို့က ၆၆ (ဃ)နဲ့တရားစွဲထားတယ် ကျွန်တော့်အနေနဲ့က ကျွန်တော်မှားယွင်းတယ်လို့ မယူဆတဲ့အတွက် ရင်ဆိုင်သွားမယ်။ စခန်းကလည်းလာရောက်ဖို့ချိန်းဆိုထားတဲ့အတွက် လာရောက်ရခြင်းလည်းဖြစ်တယ်။ အာမခံရဖို့ကတော့ လျှောက်သွားမယ်။ ဒီ ၆၆ ဆိုတာလည်း မရှိသင့်ဘူး။ ကျွန်တ်ာတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခြိမ်းခြောက်ခံနေရသလိုပါပဲ။”ဟု အမှုဖွင့်တိုင်တန်းခံထားရသည့် လက်ပံတန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်တာဝန်ခံ ကိုငြိမ်းချမ်းက ပြောသည်။

ကိုငြိမ်းချမ်းမှာ NLD လူငယ်တာဝန်ခံအဖြစ်ဆောင်ရွက်နေပြီး တောင်သူလယ်သမားအရေးဆောင်ရွက်ခြင်း ဒေသတွင်းထူးခြားသတင်းများ သတင်းဌာနများသို့ သတင်းများပေးပို့နေသည့် ပြည်သူပြည်သား သတင်းသမား (cj) အဖြစ်လည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားရောက် အဖမ်းခံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လက်ပံတန်းမြို့နယ်) တာဝန်ရှိသူများ၊ ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တောင်သူလယ်သမားများလည်း လိုက်ပါဝန်းရံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရားရုံးချုပ်ရက် ရမာန်ဖြင့် ဖမ်းဆီးခဲ့ပြီး လာမည့် ဒီဇင်ဘာလ(၂၂) ရက်နေ့ရုံးချိန်းတွင် အာမခံ လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။

လက်ပန်းမြို့နယ် စည်ပင်သာယာကော်မတီအဖွဲ့ဝင် ဦးအဖီး(ခ) ဦးမြင့်စိုးမှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၈ ရက် နေ့လည် (၁၂း၀၀) နာရီခန့်က လက်ပံတန်းမြို့မ ဈေးအတွင်း ပျံကျဈေးသည်  ဒေါ်ရွှေရည်နှင့်အတူ စကားပြောနေစဉ် ကိုငြိမ်းချမ်းက ဓါတ်ပုံရိုက်ကာ ၎င်း၏ ဖေ့ဘွတ်အကောင့်တွင် “လက်ပံတန်းမြို့မ ဈေးအိမ်သာရှေ့မှာ မြို့မိမြိုဖ ရောင်ခြည်ဦးနဲ့ အမျိုးသမီးတစ်ဦးချိန်းတွေ့နေကြောင်း” ပို့စ်တင်ခဲ့ခြင်းကြောင့် သြဂုတ်လ(၂၆) ရက်နေ့တွင် ဆက်သွယ်ရေးပစ္စည်းတစ်ခုခုအသုံးပြု၍ ဂုဏ်သိက္ခာညှိုးနွမ်းစေရန်ပြုလုပ်ကြောင်း မြို့မရဲစခန်းတွင်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအား(ပ) ၆၉၉/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရန် ချိန်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

Check Also

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးဖွင့်လှစ်

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ စက်တင်ဘာ(၂၇)ရက်။ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးကို ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ရတနာ …