Wednesday , September 27 2017
Home / ဗပာုသုတ / တွေးမိတွေးရာ မြန်မာစာ စာလုံးပေါင်းမှားလျှင် အဓိပ္ပာယ်လွဲပါသည်

တွေးမိတွေးရာ မြန်မာစာ စာလုံးပေါင်းမှားလျှင် အဓိပ္ပာယ်လွဲပါသည်

ကျွန်တော့်ဆောင်းပါးဖတ်မိသည့် မိတ်ဆွေတစ်ယောက်က “မြန်မာစာမြတ်နိုးတယ်လည်း ပြောသေးတယ်။ ဆောင်းပါးထဲမှာ အင်္ဂလိပ်လိုတွေလည်း တွဲရေးထားသေးတယ်။ဟု ဆိုပါသည်။

မှန်ပါသည်။ ကျွန်တော့်ဆောင်းပါးထဲမှာ အင်္ဂလိပ်လိုတွဲရေးရခြင်းအကြောင်းမှာ ပညာတတ်အသိုင်းအ၀ိုင်းများ ကြားတွင် မြန်မာစာ သတ်ပုံသတ်ညွှန်း အမှားအများဆုံး တွေ့ရခြင်းကြောင့်ဖြစ်ပါသည်။ ပြီးတော့ ကျွန်တော့်ဆေးနည်းနှင့်တည့်ပါက လိုသလိုမှတ်သားသုံးစွဲနိုင်စေရန် ရည်ရွယ်ပြီး ကျွန်တော်မှတ်သည့် နည်းအတိုင်း အင်္ဂလိပ်လို တွဲထည့်ထားခြင်းဖြစ်ပါသည်။ အမှားတွေ့လျှင်ထောက်ပြပြုပြင်ပါ။ ကျေကျေနပ်နပ် ကျေးဇူးတင်စွာဖြင့် အပြုပြင်ခံပါမည်။

 မှားတတ်သော စာလုံးပေါင်းများတွင် အလယ် နှင့် အလည်မှာလည်း မကြာခဏမှားတတ်သည့် စာလုံးများ ဖြစ် ပါသည်။

မြန်မာအဘိဓာန်တွင် အလယ်ကို အလယ်၊ န- အကြားဖြစ်သောနေရာ။ ဗဟို။ ဟုပြထားပြီး အလည် ကိုမူမတွေ့ရပါ။ အလယ် မှာ တစ်စုံတစ်ခု၏ အလယ် ဟုဆိုလိုပြီး၊ အလည်မှာ အလည်အပတ် သွားခြင်းဖြစ်ပါသည်။ လူပုံအလည်ဟု မှားယွင်းရေးသားတတ်ပါသည်။ လူပုံအလယ်ကသာအမှန်ဖြစ်ပါသည်။

ကျွန်တော်ကတော့ လယ်ကို အင်္ဂလိပ်စာလုံး [firm, centre, middle, among] တို့နှင့်တွဲဖက်မှတ်သားထားပြီး လည်ကိုမူ [visit, circle, cycle, round] စသည့်စကားလုံးများဖြင့် တွဲမှတ်ထားပါသည်။

လယ်သမားများ မိုးစပါးစိုက်နေကြသည်။ ရေလယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း။ လူပုံအလယ်မှာ အရှက်ကွဲအောင် တမင်သက်သက်လုပ်တာ။ စုစုတို့အိမ်က မြို့လယ်ခေါင်မှာ။ အလယ်ကလူ စကားဝဲ၏။ စသည့်အသုံးများတွင် လယ် အသုံးကိုတွေ့ရသည်။

လည် အသုံးကိုမူ ပျိုပျိုမေ အလည်အပတ်ထွက်တယ်၊ မော်တော်ကားနဲ့ရယ်။ အလည်သက်သက်ပဲလား။ ချာချာလည် မူးတယ်။ မျက်စိလည် လမ်းမှားတယ်။ စကားကို လိပ်ပတ်လည်အောင်ပြောပါ။ တော်တော်လည်တဲ့လူ စသည့်အသုံးများတွင် တွေ့ရပါသည်။

မြန်မာစာ/စကားတွင် ဟထိုးမပါဘဲ ဟထိုးသံထည့်ရွတ်ရသည့် စကားလုံးများရှိသလို ဟထိုးပါသော်လည်း ဟထိုးသံဖြုတ်ပြီးရွတ်ရသည့် စကားလုံးများရှိပါသည်။ မြား၊ မီ၊ မွေး၊ နုတ်၊ နိုင် စသည့်စကားလုံးများတွင် ဟထိုးမပါသော်လည်း ဟထိုးသံထည့်ပြီး ရွတ်ဆိုရပါသည်။

မြားမှာ [arrow] ဖြစ်ပြီး ဟထိုးသံထည့်ရွတ်ရပါသည်။ တရုတ်လာသည် ရိုင်ရိုင်လော၊ ရိုင်ရိုင်၊ မြားမိုးရွာသည် ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။ မြားအတွင်း ယာဉ်မရပ်ရ။ မောင့်အချစ်မြား အသည်းမှာစူး နုတ်လည်းနုတ်ချင်ခဲ့ဘူးပေ။ အချို့က မျှား ဟုမှားရေးကြသည်။ မျှားမှာ [lure] ဖျားယောင်းသွေးဆောင်သည့် အဓိပ္ပာယ်ဖြစ်ပါသည်။  ငါးစာကိုသာ မြင်သည်၊ ငါးမျှားချိတ်ကို မမြင်။ သူ့ကို လခကောင်းကောင်း အလုပ်ရမယ်ဆိုပြီး မျှားခေါ်လာတာ မသိရှာဘူး။ ဒီမိန်းမ တဖျစ်တောက်တောက်နဲ့ မြည်တွန်တောက်တီးနေတာကို နားထောင်မယ့်အစား ငါးသွားမျှားနေတာ နားအေးပါတယ်။

မီ သည် ဟထိုးမပါသော်လည်း ဟထိုးသံထည့်၍ ရွတ်ဖတ်ရပြီး မိ မှဆင်းသက်လာသည်ဟု မှတ်သားရပါသည်။ [soon, in time, catch up with] စသည့်အဓိပ္ပာယ်မျိုးဖြစ်သည်။ မကြာမီ။ အချိန်မီ။ ရထားမီအောင် အမြန်မောင်းပေးပါ။ မင်းကြိုးစားရင် တစ်နေ့သူ့ကို မီမှာပါ။ မှီမှာ တစ်ခုခုကို မှီနေသည်။ တစ်ယောက်ယောက်ကို မှီခိုအားကိုးနေရသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ “ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုတာ ထေရ၀ါဒရဲ့ ပိဋကတ်သုံးပုံမှာ မပါဘူးလို့ ဆရာကြီး ဦးသုခက ပြောဖူးတယ်။ “မှီခိုအားထားရမယ့် မိဘနှစ်ပါးကလည်း မာနတွေပြိုင်ရင်း ကွဲသွားကြပြီဆိုတော့ ဒီလိုပဲ ရပ်ကွက်ထဲမှာ ကြုံရာအလုပ်ကို လုပ်ရရှာတာပေါ့အေ။ “တိုင်ကိုမှီမနေနဲ့ ရေနံတွေပေကုန်လိမ့်မယ်။ အင်္ဂလိပ်လို [lean, depend on, rely on] အဓိပ္ပာယ်မျိုး ဖြစ်ပါသည်။

ဟထိုးမပါသော နုတ် ကိုလည်း ဟထိုးသံထည့်ဖတ်ရပါသည်။ [pull out, minus, reduce] အဓိပ္ပာယ်မျိုးဖြစ်ပါသည်။   ပျိုးနုတ်၊ ကောက်နုတ်၊ အပေါင်းအနုတ်၊ တစ်ပြည်လောက် ပြန်နုတ်ထားလိုက်မယ် နော်။ ဟ ထိုးပါသောနှုတ်မှာ [lip] အဓိပ္ပာယ်ဖြစ်ပါသည်။   သန္တာရောင်နှုတ်ခမ်း၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ခမ်းပဲ့ချင်း မီးမှုတ် စသည့် နှုတ်ခမ်းနှင့် ဆက်စပ်သော အသုံးမျိုးတွင်တွေ့ရပါသည်။ 

ထို့အတူ [can, able, capable] ဟု အဓိပ္ပာယ်ရသည့် ဟထိုးမပါသော နိုင် ကိုလည်း ဟထိုးသံ ထည့်ဆို ရပါသည်။ လုပ်နိုင် ကိုင်နိုင်၊ စားနိုင် သောက်နိုင်၊ ကျွေးနိုင် မွေးနိုင်၊ စွမ်းဆောင်နိုင်၊ သို့သော် မစွမ်းဆောင်နိုင်၊ မလုပ်နိုင်ဟု အဓိပ္ပာယ်ရသည့် မနိုင်ဝန်ထမ်းသည်ဆိုသော စကားမှ နိုင် ကို မူ ဟထိုးမပါဘဲ ရေးထားသည့် အတိုင်း မနိုင်ဝန်ထမ်းသည်ဟုသာ ရွတ်ဆိုရပါသည်။

အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတွင်ပါသည့် [multiplication] အမြှောက်တွင် ဟထိုးပါပြီး ရွတ်ဆိုရာတွင်လည်း ဟထိုးသံ ထည့်ရွတ်ရပါသည်။ သို့သော် [cannon, artillery] ဟု အဓိပ္ပာယ်ရသည့် အမြောက်တွင်မူ ဟထိုး မပါသော်လည်း အမြှောက်ဟုပင် ဟထိုးသံထည့်၍ ရွတ်ဆိုရပါသည်။ ထို့အတူ [foresight, vision] ဟု အဓိပ္ပာယ်ရသည့်  အမြော်အမြင်တွင်လည်း ဟထိုးမပါသည့် အမြော် ကို ဟထိုးသံနှင့် ဖတ်ရပါသည်။  [ many, a lot of] စသည်ဖြင့် အဓိပ္ပာယ်ရသော စကားလုံးချင်းအတူတူ အများအပြားတွင်  အများဟု ယပင့် နှင့်ရေးသော်လည်း အမြောက်အမြားကိုမူ အမြားဟုသာရေးရပါသည်။ ယင်းမှာ အမြောက်အမြား စကားလုံးပါ အမြားကို မူလပေါရာဏကျမ်းပါ စာလုံးပေါင်းအတိုင်းသုံးနှုန်းရေးသားသည်ဟု မှတ်သားဖူးပါသည်။ 

အိမ်ရာနှင့် အိမ်ယာမှာလည်း အများမှားတတ်သည့် စကားလုံးဖြစ်သည်။ အိမ်ရာက အမှန်ဖြစ်ပါသည်။ အိမ်ရှိသော နေရာဟု ရိုးရိုးလေးစဉ်းစားလိုက်ပါက မမှားနိုင်တော့ဟု ထင်ပါသည်။ ယာ ဆိုသည်မှာ ပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးသည့် နေရာဖြစ်သည်။ အိမ်ယာ ဟုရေးပါက ပဲခင်း၊ နှမ်းခင်းထဲက အိမ်ဟု အဓိပ္ပာယ်ထွက်သွား မည်လား မပြောတတ်။ ဤမျှဆိုလျှင် အိပ်ရာနှင့် အိပ်ယာကို လည်း မည်သည်က အမှန်ဆိုသည်ကို မှန်းဆနိုင် လောက်ပြီဟုထင်ပါသည်။

အသည်းကိုလည်း အသဲဟု မှားရေးလေ့ရှိတာ မကြာခဏတွေ့ရတတ်ပါသည်။ အသည်းက အမှန်ဖြစ်ပါသည်။ အသဲဆိုသည့် စာလုံးပေါင်းမရှိပါ။ သဲ မှာ ရေ၊ လေ စသည်တို့တိုက်စားသဖြင့် ဖြစ်ပေါ်လာသည့် ကျောက်အမှုန်အမွှား ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။ သည်း ကိုမူ ပြင်းထန်သည်။ လွန်ကဲသည် ဟု ဖေါ်ပြထားပါသည်။ မြန်မာစကားတွင် “ဒီမိုကရေစီရအောင် တိုက်ပွဲဝင်မဟဲ့ဆိုပြီး တောထဲကို ရောက်သွား ကြတဲ့ ကျောင်းသားတွေ အချင်းချင်း ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ကြတယ်ဆိုတဲ့ သတင်းကိုကြားရတာ အသည်းနာ စရာကောင်းလိုက်တာ။ “တော်တော် အသည်းမာတဲ့ကောင်။ “အသည်း ကောင်းလို့ ပွဲတောင်းတယ်ပေါ့လေ။ စသည့်အသုံးမျိုးရှိရာ လူ့ခန္ဓာကိုယ်တွင်းရှိ အဓိကအင်္ဂါတစ်ခုဖြစ်သည့် အသည်း၏စာလုံးပေါင်းတွင် “ပြင်းထန်သည်ဆိုသည့် အဓိပ္ပာယ်ရသော “သည်း ဟု ပေါင်းထားလေသလား ဟူ၍ အတွေးပွားမိပါသည်။

ကျွန်တော် ရန်ကုန်ရောက်တာ နှစ်နှစ်ကျော် သုံးနှစ်နီးပါးသာရှိသေးသည်။ ရောက်ကတည်းက သတိထားမိ သည်မှာ စာရေးသူအတော်များများ “အဲဒီ ဆိုသည့်စကားလုံးကို “အဲ့ဒီ ဟု အောက်မြစ်ထည့်ပြီး ရေးနေကြတာ တွေ့ရသည်။ “မှု ကိုလည်း မလိုအပ်ဘဲအောက်မြစ်ထည့်၍ “မှု့ ဟုရေးနေကြသည်။

အဲ့ဒီ ဆိုသည့်အရေးအသားမျိုးကို ကျွန်တော် အခုမှတွေ့ဖူးခြင်းဖြစ်သည်။ အောက်မြစ်မလိုဟုထင်ပါသည်။ အောက်မြစ်ပါသော “အဲ့ဒီ ဆိုသည့် အရေးအသားကို ဖတ်ရသည်မှာ ကျွန်တော့်အဖို့တော့ အစာကောက်သည့်ကြက် လျှာခင်ကပ်သလို တစ်မျိုးကြီးခံစားရသည်။  မှု ကတော့ရှင်းပါသည်။ သူ့ဘာသာ မဟထိုး တစ်ချောင်းငင် မှု ပြီးသားကို ဘယ်လိုအတွေးပေါက်ပြီး အောက်မြစ်ထည့်လိုက်သည်မသိ။ အတော်အကြည့်ရဆိုးလှသည်။ 

စာလုံးပေါင်းအကြောင်းပြောရာတွင် ရှေးမူကိုစံနမူနာယူရသလို ကြောင်းကျိုးဆီလျော်သည့် အသစ်တီထွင် ဖန်တီးမှုကိုလည်း မပစ်ပယ်သင့်ဟုမြင်ပါသည်။ သို့သော် ကြောင်းကျိုးဆီလျော်မှုမရှိဘဲ  ရေးချင်သလို ရေးနေကြခြင်းမှာမူ ကိုယ့်ဘာသာစကားကို ကိုယ်ကိုယ်တိုင်ဖျက်ဆီးပစ်နေသည်နှင့်တူပါသည်။

Check Also

မှား . . . မှားနိုင်လွန်းတဲ့ စာလုံးပေါင်းတွေ တွေးမိတွေးရာ မြန်မာစာ (၃)

စာရေးရာတွင် စာလုံးပါင်းမှားတတ်ပါသည်။ တစ်ခါတစ်ရံ အလွယ်လေးဟုထင်ပြီး ဇဝေဇ၀ါဖြစ်နေသော စာလုံးပေါင်းများလည်းရှိသည်။ တချို့စာလုံးပေါင်းကျတော့လည်း ကိုယ်က တစ်သက်လုံးအမှန်ထင်ပြီး ပေါင်းလာသည့် စာလုံးပေါင်းမှာ အဘိဓာန်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါမှ မှားမှန်းသိရတော့သည်။