Saturday , September 23 2017
Home / ဗပာုသုတ / တွေးမိတွေးရာ မြန်မာစာ အစက်အပြောက် အပိုအလို ဖြုတ်တန်ဖြုတ်၊ ထည့်တန်ထည့်

တွေးမိတွေးရာ မြန်မာစာ အစက်အပြောက် အပိုအလို ဖြုတ်တန်ဖြုတ်၊ ထည့်တန်ထည့်

ကျွန်တော်သည် မြန်မာစာပေပညာရှင်တစ်ဦးမဟုတ်သလို မြန်မာစာအဓိကဘာသာရပ်ဖြင့်ဘွဲ့ရထားသူလည်း မဟုတ်ပါ။ မြန်မာ စာပေ ချစ်မြတ်နိုးသူတစ်ယောက်သာဖြစ်ပါသည်။ ချစ်မြတ်နိုးဆိုသည့်စကားမှာ အလွန်အဓိပ္ပာယ်နက်ရှိုင်းပါသည်။ မြတ်မြတ် နိုးနိုး တယုတယနှင့် အလွန်တန်ဖိုးထား နှစ်သက်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။

အများစု မှားတတ်သော အမှားများကို ကျွန်တော်လည်း မှားတတ်သည်ဖြစ်၍ ထိုအမှားတို့ တတ်နိုင်သမျှ ကင်းစင်စေရန် တွေးမိတွေးရာ မြန်မာစာဟုခေါင်းစဉ်ပေးပြီး ကျွန်တော်မှတ်သားသည့်နည်းများအား ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။

 အင်္ဂလိပ်ဘာသာစကားတွင် apostrophe + s (‘s) ကို subject နှင့် verb to be တစ်ခုခုတို့တွဲသည့်အခါ အတိုကောက် ပုံစံအဖြစ် (He is = He’s, She was = She’s, She has been = She’s been, It is = It’s, It has been = It’s been စသဖြင့်) တွဲဖက်သုံးစွဲသလို၊ possessive adjective အဖြစ်လည်း apostrophe + s (‘s) သုံးစွဲသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ- John’s car, Mary’s mother, David’s uncle ။ ဂျွန်ရဲ့ကား၊ မေရီရဲ့အမေ၊ ဒေးဗစ်ဦးလေး။

မြန်မာဘာသာစကားတွင်လည်း အင်္ဂလိပ်ဘာသာစကား apostrophe + s (‘s) ကို possessive adjective အဖြစ် သုံးသလို သုံးသည့် သင်္ကေတတစ်ခုရှိပါသည်။ ယင်းမှာ အောက်မြစ်(.) ဖြစ်ပါသည်။

ပုံမှန်အားဖြင့် အောက်မြစ်ကို သံရှည်မှ သံတိုပြောင်းသည့်စကားလုံးများအတွက် အသုံးပြုလေ့ရှိပါသည်။ ဥပမာ- မယ်၊မယ့်၊ သယ်၊ သယ့်၊ ရဲ၊ ရဲ့၊ တဲ၊ တဲ့၊ ခဲ၊ ခဲ့၊ သည်၊ သည့်၊ မည်၊ မည့် အစရှိသည့် စကားလုံးများတွင် အောက်မြစ် မပါသော စကားလုံးများကို အောက်မြစ်ထည့်လိုက်သည့်အခါ သံရှည်မှ သံတိုပြောင်းသွားပြီး သံပြင်း (ဂေါသသံ) ထွက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုကဲ့သို့ အသုံးမျိုးအပြင် ပိုင်ဆိုင်မှု အဓိပ္ပာယ်အဖြစ်လည်း အောက်မြစ်ကို သုံးနိုင်ပါသည်။ ဥပမာ- ခင်ခင်ရဲ့/၏ ဦးလေး ၊ ခင်ခင့်ဦးလေး၊ ကျော်ကျော်ရဲ့/၏ အစ်မ၊ ကျော်ကျော့်အစ်မ၊ ဇော်ဇော်ရဲ့/၏ ရည်းစား၊ ဇော်ဇော့် ရည်းစား၊ ငါရဲ့/၏ ဦးခေါင်း၊ ငါ့ဦးခေါင်း၊သူရဲ့/၏ ဆွဲကြိုး၊ သူ့ဆွဲကြိုး၊ စသည်ဖြင့် ပိုင်ဆိုင်မှုကိုပြသော ရဲ့နှင့်၏ တို့ကိုဖြုတ်၍ အောက်မြစ် ထည့်လိုက်သည့်အခါ ပိုင်ဆိုင်မှု အဓိပ္ပာယ်ဖြစ်သွားပါသည်။

အချို့နေရာတွင် ယင်းကဲ့သို့ အောက်မြစ်ထည့်၍ ရေးပါက စာ/အသံ ပို၍ချောမွေ့ပြေပြစ်ပါသည်။ “ကျော်ကျော်ရဲ့ဦးလေး က ဇော်ဇော်ရဲ့ အဖေအတွက် ဂျပန်က နာရီတစ်လုံးဝယ်လာတယ်” အစား “ကျော်ကျော့်ဦးလေး က ဇော်ဇော့်အဖေ အတွက် ဂျပန်က နာရီတစ်လုံးဝယ်လာတယ်” ဟုပြောဆိုရေးသားခြင်းက ပိုအဆင်ပြေသလို ငါရဲ့နိုင်ငံတော်၊ ငါရဲ့နိုင်ငံသား အစား ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားဆိုသည့် အသုံးက ပိုချောမွေ့ပါသည်။

အောက်မြစ်တွေ အများအပြားပါသော “ငါ့အိမ်၊ ငါ့ရာ၊ ငါသာကောင်းစားရေးအတွက် ငါကျိုးကြည့်ကြသလေ။ ငါ့သား၊ ငါ့မယားပါ မကျန်၊ ငါ့ဆွေ၊ ငါမျိုး၊ ငါကျိုးတစ်ရာ၊ ငါ့ကမ္ဘာ ငါဆောက်၊ ငါတစ်ယောက်တည်း ကောင်းချင် သာချင်ပေ။” ဆိုသည့် ကျွန်တော်တို့ ငယ်စဉ်က မြန်မာ့အသံက မကြာခဏ ထုတ်လွှင့်လေ့ရှိသည့် အတ္တအကျဉ်းသား သီချင်းကို သတိရမိသည်။

ထိုသို့ အောက်မြစ်ထည့်ရာတွင် မူလစကားလုံးက သံညှင်း (အဂေါသသံ) ဖြစ်နေမှသာ အောက်မြစ်ထည့်လို့ရပါသည်။ မူလစကားလုံးက သံပြင်း (ဂေါသသံ) ဖြစ်နေလျှင်မူ အောက်မြစ် ထည့်စရာမလိုဘဲ အလိုလိုပိုင်ဆိုင်မှု အဓိပ္ပာယ်ထွက် ပါသည်။ ကျော်ကျော်ရဲ့ကွန်ပြူတာကို  ကျော်ကျော့်ကွန်ပြူတာဟု ပြောဆိုရေးသားလေ့ရှိသော်လည်း ထွန်းထွန်းအဖေ၊ အေးအေး ဒေါ်လေး၊ ဇော်ဦးယောက္ခမ၊ ကျော်သောင်းကုမ္ပဏီတို့တွင်မူ အောက်မြစ် ထပ်ထည့်စရာမလိုပါ။ ထည့်၍လည်း မရပါ။

ခြွင်းချက်အနေဖြင့် သံညှင်း (အဂေါသသံ) ဖြစ်သော်လည်း အောက်မြစ်ထည့်စရာမလိုသည့် စကားလုံးအချို့ရှိပါသည်။ တိုင်း သည် သံပြင်း(ဂေါသသံ) ဖြစ်၍ အောက်မြစ်မထည့်ဘဲ တိုင်းလက်ရွေးစင်ဟု ပြောဆိုရေးသားသော်လည်း ပြည်နယ် လက်ရွေးစင်ကို ပြည်နယ့်လက်ရွေးစင်ဟု ရေးလေ့မရှိပါ။

အမှုတွင် အောက်မြစ်မလိုဘဲ အောက်မြစ်ထည့်ရေးတတ်သူအချို့မှာ အလှူ့ရှင်နှင့်ရောထွေးစဉ်းစားမိပြီး အောက်မြစ် ထည့်ရေးမိကြလေသလားဟု အတွေးပွား မိပါသည်။ အမှန်က အလှူ့ရှင်မှာပါသည့် အောက်မြစ်သည် ပိုင်ဆိုင်မှုကို ပြချင်၍ ထည့်ထားခြင်း ဖြစ်ပါသည်။ အလှူရဲ့ပိုင်ရှင်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။

တို့ ကို တစ်ခုထက်ပိုသော ပစ္စည်း အဖြစ်လည်းကောင်း အများကိန်းပြောသူနာမ်စားအဖြစ်လည်းကောင်း သုံးကြသည်ဟု သဒ္ဒါ စာအုပ် အတော်များများတွင်ဖေါ်ပြကြပါသည်။ “ခင်မောင်မြင့်တို့ကတော့ လုပ်လိုက်မှဖြင့် တလွဲချည်းပဲ” တွင် ပါသည့် တို့မှာ  မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရှိရှိသမျှ ခင်မောင်မြင့်အားလုံးကို ဆိုလိုသည်မဟုတ်ပါ။ “ကျုပ်တို့ကတော့ ဒါမျိုးမကြိုက်ပေါင်။” ဟူသည့် ၀ါကျတွင်ပါသော ကျုပ်တို့ဆိုသည်မှာ ကာယကံရှင်တစ်ဦးတည်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါသည်။

“ကြံကြံဖန်ဖန် ရန်ကုန်သူ မန္တလာမြင့်တို့ရန်ကုန်သူ မန္တလေးသွားလို့ အသားမဲပြန်သတဲ့ဆူ” ဆိုသည့်သီချင်း စာသားကို ငယ်စဉ်က သဘောမပေါက်ခဲ့။ “ဘယ့်နှာလဲ မန္တလာမြင့်လည်းပြောသေးတယ်၊ ရန်ကုန်သူလို့လည်းဆိုသေးတယ်” ဟု ငယ်စဉ်က ကလေးအတွေးနှင့် အတွေးခေါင်မိပါသည်။ နောင်မှ  မန္တလာမြင့်တို့ရန်ကုန်သူ ဆိုသည်မှာ ချစ်စနိုးဖြင့် ငေါ့ထား သည့်လေ မှန်းသဘောပေါက်လာ ပါတော့သည်။ “ကျုပ်တို့ကျော်မြင့်ကြီးကတော့ဗျာ၊ ခင်သစ္စာကလျာ သိမ့်သိမ့်ဖြိုး တို့ကတော့လေ” စသည်တို့မှာ အများကိန်းကိုပြောဆိုခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်ကို အထူးပြုပြောဆိုခြင်းသာ ဖြစ်ပါသည်။  

တစ်ဖန် တို့ တွင် ပိုင်ဆိုင်မှုသဘော၊ ရင်းနှီးကျွမ်းဝင်မှုသဘောပါသည်ကိုလည်းတွေ့ရမည်ဖြစ်သည်။ “ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ပေဖူးလွှာ” ဆိုသည့် သီချင်းစာသားပါ အဓိပ္ပာယ်မှာ ပိုင်ဆိုင်မှုသဘော၊ ရင်းနှီးကျွမ်းဝင်မှု သဘောပါ ပါသည်။ “ပျိုတို့မောင် ယာမလုပ်တယ်၊ ၀ါးခုတ်တဲ့တောင်” ဟူသည့် ကဗျာပါဒပါ “ပျိုတို့မောင်” စာသားမှာလည်း ထိုကဲ့သို့ပင် ရင်းနှီး ကျွမ်းဝင်မှုသဘော၊ ပိုင်ဆိုင်မှု အဓိပ္ပာယ်များဖြင့် ထုံမွမ်းရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

မြန်မာစာရေးသားရာတွင် ၀ိဘတ်၊ ပစ္စည်း အချို့မှာ သဒ္ဒါသဘောအရထည့်ရေးနိုင်သော်လည်း ဖြုတ်ရေးမှဖတ်ကောင်း သော ၀ါကျများလည်းရှိပါသည်။ “ကျော်ကျော်မနေ့က ကော်ဖီတစ်ခွက်ကိုသောက်ခဲ့သည်။” ဆိုသည့် ၀ါကျမှာ သဒ္ဒါ သဘော အရ မှားသည်ဟုမဆိုနိုင်သော်လည်း အင်္ဂလိပ်စာသြဇာမကင်းသည့် မြန်မာစာ အရေးအသားဖြစ်ပါသည်။ “ကျော်ကျော်မနေ့က ကော်ဖီတစ်ခွက်သောက်ခဲ့သည်။” ဟုရေးလျှင် အဓိပ္ပာယ်ပြည့်စုံပါပြီ။ “ကို” ထည့်ရေးစရာမလိုပါ။ အကယ်၍ ကိန်းဂဏန်းကို အထူးတလည် ထည့်ပြောစရာမလိုပါက “ကျော်ကျော်မနေ့က ကော်ဖ်ီသောက်ခဲ့သည်။” ဆိုလျှင် လုံလောက်ပါသည်။ တစ်ခွက် ပင် ထည့်ရေးစရာ မလိုပါ။

“မြန်မာလူမျိုးတို့သည် ထမင်းကိုစားကြသည်။” အစား “မြန်မာလူမျိုးတို့သည် ထမင်းစားကြသည်။” “မြန်မာလူမျိုးတို့ ထမင်းစား ကြသည်။” “မြန်မာတို့ ထမင်းစားကြသည်။” စသည်ဖြင့် အကြောင်းအရာပေါ်လိုက်၍ အဆင်ပြေသလို ရေးသားနိုင်ပါသည်။

“မေရီသည် ပိုက်ဆံအိတ်ကို ဖွင့်ခဲ့ပြီး ဒေါ်လာတစ်ရာတန် တစ်ရွက်ကို ဆွဲထုတ်ခဲ့ကာ လမ်းဘေးမှ အဖိုးအိုတစ်ဦးကို ပေးခဲ့သည်ကို ကျွန်တော် မနေ့ကမြင်ခဲ့ပါသည်။” “လေသည် သစ်ရွက်များကို ကြွေစေ၏။” “ဆရာသည် ကျောင်းသားများကို စာကျက်စေသည်။” “သူမ၏ အပြုံးသည် ကျွန်တော်၏ သောကများကို ပြေပျောက်စေသည်။” ဆိုသည့် ဘာသာပြန် အရေး အသားမျိုးမှာ မြန်မာစာမနိုင်နင်းသည့် အရေးအသားမျိုးဖြစ်ပြီး အလွန်ဖတ်ရ ဆိုးပါသည်။

အင်္ဂလိပ်စာသင်ရာတွင် မြန်မာကျောင်းသားများ နားလည်ရန် ရှင်းပြရာ၌ အချို့နေရာများတွင် အခက်အခဲရှိပါသည်။ ဥပမာ verb to be ဖြစ်သော am, is, are, was, were သင်ရာတွင် မြန်မာကျောင်းသားများ နားလည်စေရန် ရှိသည်၊ ဖြစ်သည် ဟု သင်ကြရသည်။ မှားသည်ဟု မဆိုပါ။ သို့သော် ဆရာလုပ်သူက ရှင်းပြတတ်ဖို့ လိုပါလိမ့်မည်။ “ am, is, are, was, were ဆိုတာ  နောက်က noum ကပ်လျှင် ဖြစ်သည်/ဖြစ်တယ်၊ preposition နဲ့တွဲထားတဲ့ နေရာပြ ပုဒ်စုကပ်လျှင် တစ်နေရာရာမှာ တစ်စုံတစ်ခု ရှိသည်/ရှိတယ် လို့ အဓိပ္ပာယ်ထွက်သဟေ့။ ဒါပေမဲ့ ဆရာတို့ မြန်မာစကားမှာတော့ နေရာတကာ ဖြစ်သည်/ဖြစ်တယ်၊ ရှိသည်/ရှိတယ် လို့ ပြောလေ့/ရေးလေ့မရှိဘူးကွ စသည်ဖြင့် ရှင်းပြသင့်ပါသည်။ 

ထိုသို့ သေသေချာချာ မရှင်းပြသဖြင့် “I am a teacher. ကို ကျွန်တော်သည် ကျောင်းဆရာတစ်ယောက်ဖြစ်ပါသည်။ His father is a doctor. ကို သူ့အဖေသည် ဆရာဝန်တစ်ယောက်ဖြစ်ပါသည်။ They are farmers. သူတို့သည် လယ်သမားများ ဖြစ်ကြ ပါသည်။ He is in the room. သူအခန်းထဲမှာ ရှိသည်။ They are at mome. သူတို့အိမ်မှာရှိကြသည်။” ဟူ၍သာ ရေးကြတော့သည်။ “ကျွန်တော် ကျောင်းဆရာတစ်ယောက်ပါ။ သူ့အဖေက ဆရာဝန်လေ။ သူတို့ လယ်သမားတွေပါ။ သူအခန်း ထဲမှာ။ သူတို့အိမ်မှာလေ။” ဟု ပြောရ/ရေးရကောင်းမှန်း မသိကြတော့။

ဘာသာစကားတိုင်း တီထွင်ဖန်တီးမှုအသစ်တို့ ရှိစမြဲဖြစ်သည်။ တီထွင်ပါ။ ဖန်တီးပါ။ သို့သော် မဖျက်ဆီးပစ်လိုက်ဖို့တော့ အရေးကြီး ပါသည်။ 

Check Also

မှား . . . မှားနိုင်လွန်းတဲ့ စာလုံးပေါင်းတွေ တွေးမိတွေးရာ မြန်မာစာ (၃)

စာရေးရာတွင် စာလုံးပါင်းမှားတတ်ပါသည်။ တစ်ခါတစ်ရံ အလွယ်လေးဟုထင်ပြီး ဇဝေဇ၀ါဖြစ်နေသော စာလုံးပေါင်းများလည်းရှိသည်။ တချို့စာလုံးပေါင်းကျတော့လည်း ကိုယ်က တစ်သက်လုံးအမှန်ထင်ပြီး ပေါင်းလာသည့် စာလုံးပေါင်းမှာ အဘိဓာန်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါမှ မှားမှန်းသိရတော့သည်။