Wednesday , September 27 2017
Home / ဗပာုသုတ / မှား . . . မှားနိုင်လွန်းတဲ့ စာလုံးပေါင်းတွေ တွေးမိတွေးရာ မြန်မာစာ (၃)

မှား . . . မှားနိုင်လွန်းတဲ့ စာလုံးပေါင်းတွေ တွေးမိတွေးရာ မြန်မာစာ (၃)

စာရေးရာတွင် စာလုံးပါင်းမှားတတ်ပါသည်။ တစ်ခါတစ်ရံ အလွယ်လေးဟုထင်ပြီး ဇဝေဇ၀ါဖြစ်နေသော စာလုံးပေါင်းများလည်းရှိသည်။ တချို့စာလုံးပေါင်းကျတော့လည်း ကိုယ်က တစ်သက်လုံးအမှန်ထင်ပြီး ပေါင်းလာသည့် စာလုံးပေါင်းမှာ အဘိဓာန်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါမှ မှားမှန်းသိရတော့သည်။

 မှားတာအပြစ်ကြီးတော့မဟုတ်ပါ။ လူတိုင်းမှားတတ်ပါသည်။ သို့သော် အမှားကိုသိလျှင် အမှန်ပြင်ရပါမည်။ ကိုယ့်အမျိုးသား စာပေ၊ စကားကို ကိုယ်ကမှတန်ဖိုးမထားလျှင် မည်သူကတန်ဖိုးထားမည်နည်း။ ကိုလိုနီခေတ်က မြန်မာစာဌာန ဖွင့်ပေးဖို့တင်ပြခဲ့သည့် ဆရာကြီး ဦးဖေမောင်တင်ကို မြန်မာစာဆိုတာရှိလို့လား ဟု အမေးခံရသည့် အကြောင်း ဆရာမ မလေးလုံရေးသည့် ဘသက်ရှည်စာအုပ်တွင်ဖတ်ခဲ့ရသည်။

မြန်မာစာပေမှမဟုတ်ပါ၊ ဘာသာစကားတိုင်းကို ကျွန်တော် တန်ဖိုးထားပါသည်။ ဘာသာစကားဆိုသည်မှာ လူ့ယဉ်ကျေးမှုကိုပြသည့် တန်ဖိုးတစ်ခုပင်မဟုတ်ပါလား။

စာလုံးပေါင်းများကို မေ့တတ်လွန်း၍ အချို့ကို ကျွန်တော် အင်္ဂလိပ်လိုတွဲ၍ မှတ်ပါသည်။ ထိုသို့တွဲမှတ်ရာတွင် ကျွန်တော့်အတွက် ပိုမှတ်မိသလို ခံစားရသည်။ ကြိုက်လျှင်ယူနိုင်သလို မကြိုက်က ပယ်နိုင်ပါသည်။

ဥပမာ ပဲနှင့် ဘဲ စာလုံးပေါင်းဆိုပါတော့။ မြန်မာအဘိဓာန်တွင် ပဲ ကို ပဲ၊ စည်း-၁။ [အပြော] ရည်ညွှန်းသောပုဒ်ကို လေးနက်စေသော စကားလုံး။ “လူပဲ။ နတ်ပဲ။ ၂၊ ကြိယာ၏ အနက်ကို ကန့်သတ်လိုရာ၌ သုံးသောစကားလုံး။ “စားရုံပဲ စားသည်။ ဟုပြပါသည်။ ဘဲ ကိုမူ ဘဲ၊ စည်း-ကြိယာ၏ အနက်ကို တားမြစ်လိုရာ၌ သုံးသောစကားလုံး။ “မသွားဘဲ။ မလာဘဲ။ ဟုပြပါသည်။

ကျွန်တော်ကတော့ ပဲ ကို သူပဲ၊ ငါပဲ၊ ကျွန်တော်တို့လည်းပဲ၊ သူတို့လည်းပဲ၊ ကျော်ကျော်လည်းပဲ၊ စုစုလည်းပဲ၊ သူမှသူပဲ၊ ဒီလူမှ ဒီလူပဲ စသည့် အဓိပ္ပာယ် သက်ရောက်သည့် [only, too, as well, very] တို့နှင့်တွဲမှတ်ပြီး၊ မသွားဘဲ။ မလာဘဲ၊ မစားဘဲ၊ မရောက်ဘဲ စသည့် အဓိပ္ပာယ်ရသော ဘဲ ကိုမူ [without] နှင့် တွဲမှတ်ပါသည်။ ပဲ မှာ ပင်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်ပါသည်။ ပဲနှင့် ဘဲကို တွဲမှတ်၍ကောင်းသော သီချင်းစာသားတစ်ခုမှာ အဆိုတော် ချမ်းချမ်း၏ “တကယ်ပဲလည်းနင်မချစ်ဘဲနဲ့၊ ညာပြီးတော့ လာချွဲမနေနဲ့ ဆိုသည့် သီချင်းစာသားပင် ဖြစ်ပါသည်။

ထို့အတူ ဖူးနှင့် ဘူးကိုမှတ်ရာတွင်လည်း ဖူး ကို လုပ်ဖူး၊ ကိုင်ဖူး၊ သွားဖူး၊ လာဖူး စသည့် အကျိုးသက်ရောက်မှု တစ်ခုခုကို ပြောလိုသည့် အဓိပ္ပာယ်ဖြစ်၍ အင်္ဂလိပ် [perfect tense] နှင့်တွဲမှတ်ပါသည်။ ဘူး ကား [negative] အဓိပ္ပာယ် ဖြစ်၍ရှင်းပါသည်။ သို့သော် အင်္ဂလိပ်လိုတွဲ မှတ်လိုပါက [be not, have not, do not, auxiliary not] စသည်ဖြင့်တွဲမှတ်နိုင်ပါသေးသည်။ ဖူးနှင့် ဘူးကိုမှတ်ရာတွင် မြန်မာစာ အဖွဲ့က အကြိမ်ကြိမ်ထုတ်ဝေသည့် မြန်မာစာ၊ မြန်မာစကား စာအုပ်တွင်ပါရှိသော အဆိုတော် ချစ်ကောင်း၏ “ချစ်ဖူးတယ်၊ ချစ်ဖူးတယ်၊ အိုမလွယ်ဘူး ရူးနိုင်တယ် ဆိုသည့် သီချင်းစာသားမှာ အလွန်မှတ်၍ကောင်းသော သီချင်းစာသားဖြစ်ပါသည်။

တစ်ဆက်တည်းပြောရလျှင် ကျွန်တော်အပါအ၀င် စာရေးသူ တော်တော်များများမှာ “ဘူးသီး ကို “ဗူးသီး ဟု မကြာခဏ စာလုံးပေါင်းမှား၍ ရေးလေ့ရှိသည်ထင်ပါသည်။ ဂျာနယ်တိုက်တစ်ခုတွင် ဘာသာပြန်လုပ်စဉ်က ဘကုန်းနှင့်ဘူးရမလား၊ ဗထက်ချိုင့်နှင့် ဗူးရမလား ဇဝေဇ၀ါဖြစ်နေစဉ် အတွေ့အကြုံရင့်ကျက်သော အဘ ဦးသန်းလှကို မေးရာ အဘက “ဗူးမမှုတ်နဲ့သမီးရယ်၊ ဖေဖေ့ကိုချစ်တယ်ဆို ကလွဲရင် အားလုံး ဘကုန်းနဲ့သာ ဘူး ပေတော့ ဟုပြောဖူးပါသည်။ အဘိဓာန်လှန်ကြည့်ရာ အဘပြောသလို ဗူး အသုံးမရှိကြောင်းတွေ့ရပါသည်။

လဲနှင့် လည်း မှာလည်း မကြာခဏ မှားယွင်းတတ်သော စကားလုံးများဖြစ်ပါသည်။ လဲ ကို ကျွန်တော်က အင်္ဂလိပ်လို [slip, fall, change, exchange, question mark] တို့နှင့်တွဲမှတ်ပါသည်။ ချော်လဲသည်။ လဲကျသည်။ အပြောင်းအလဲကို လူတိုင်းမျှော်လင့်နေကြသည်။ ပြောင်းလဲတတ်တဲ့မင်းကို။ ကုန်ပစ္စည်းချင်း လဲလှယ်သည်။ ဘယ်သွားမလို့လဲ။ ဘာစားမှာလဲ။ ဘယ်သူလဲ စသည့် အဓိပ္ပာယ်များပင်ဖြစ်သည်။

လည်းကိုမူ ပဲကဲ့သို့ [only, too, as well, also] စကားလုံးများဖြင့်လည်းကောင်း၊ သော်လည်းဟု အဓိပ္ပာယ်ရသည့် [although, though, despite, in spite of] စသည့် စကားလုံးများဖြင့်လည်းကောင်း မှတ်ပါသည်။ ကျွန်တော်လည်း လိုက်ချင်တယ်။ ပုဂံကိုလည်း ရောက်ခဲ့တယ်။ စာအုပ်လည်းရောင်းတယ်လေ။ တက်ရောက်လာသော အသင်းဝင်များကလည်း ကန့်ကွက်ကြပါသည်။ အမေရိကန်ကို ရောက်ဖူးချင်ပေမဲ့လည်း မတတ်နိုင်ပါဘူးကွာ။ ဖျားနေသော်လည်း စာကြည့်မပျက်ပေ။ မချစ်ရင်လည်းရပါတယ်။ မလာလည်းနေပေါ့။လဲရောလည်းပါ နှစ်ခုစလုံးပါသည့် နမူနာဝါကျဖြင့် ဆိုရလျှင်- “ဘယ်တော့ပြန်လာမှာလဲလို့မေးမနေပါနဲ့ကွာ။ ပြန်လာမယ်ပြောလည်း တကယ်ပြန်လာမှာမှ မဟုတ်တာ။ သူဘာ့ကြောင့်ထွက်သွားတယ်ဆိုတာ သူသိသလို ငါတို့လည်းသိနေကြတာပဲ။

အထက်စာပိုဒ်ပါ အလွန်အသံထွက်ရလွယ်ကူပြီး ပြေပြစ်လှသော “မေးမနေပါနဲ့ ဆိုသည့် အသုံးမျိုးကို အလွန်ထောင့်သည့် အသုံးအနှုန်းဖြင့် “မမေးနေပါနဲ့ ဟု ရေးသားနေကြသူများလည်းရှိပါသည်။ ပြန်မလာတော့ဘူး ဟူ၍သာရှိပါသည်။ မပြန်လာတော့ဘူး ဆိုသည့်အသုံးမရှိပါ။ သို့သော် မပြောတတ်ဘူး၊ မလုပ်တတ်ဘူး ကိုမူ မြန်မာစကားတွင် ပြောမတတ်ဘူး၊ လုပ်မတတ်ဘူး ဟု ပြောထုံးမရှိပါ။

ဟထိုးမပါသည့် လျင်နှင့် ဟထိုးပါသည့် လျှင် အသုံးမှာလည်း မကြာခဏမှားတတ်သော စကားလုံးဖြစ်ပါသည်။ လျင်ကို အဘိဓာန်တွင် လျင်/လယင်၊လှင်/ကြိ-၁၊ မြန်သည်။ ၂၊ ပါးနပ်သွက်လက်သည်။ ကျင်လည်သည်။ ဟုဖေါ်ပြထားပြီး လျှင် ကို လျှင်/ လှယင်၊ ယင်/ သမ်- အကြောင်းအရာတစ်ခုသည် အခြားအကြောင်းအရာ တစ်ခုကို မှီ၍သာလျှင်ဖြစ်မည့်အကြောင်း ဆက်စပ်ညွှန်ပြသော စကားလုံး။ “သူလာလျှင် ငါသွားမည်။ ပေးလျှင်ယူမည်။ /လှယင်/ စည်း- အရေအတွက်ကို အတိအကျပြခြင်းဖြင့် လေးနက်စေသော စကားလုံး။ “တစ်ဦးလျှင် တစ်ခုစီယူပါ။ ဟုဖေါ်ပြထားပါသည်။

ကျွန်တော်ကတော့ အများနည်းတူ မေ့တတ်၍ ဟထိုးမပါသော လျင် ကို [rush, quick, fast] “အလျင်အမြန် လုပ်ကိုင်ဆောင်ရွက်သည်။ ဟုအလွယ်မှတ်ထားပြီး ကျန်အဓိပ္ပာယ်များဖြစ်သော ခြေလျင်တပ်ရင်း၊ အလျင်အမြန်၊ လျင်လိုက်သမှ လှစ်လှစ်ကလေး စသည်တို့ကို ဆင့်ပွားတွေးယူပါသည်။

ဟထိုးပါသည့် လျှင်ကို အလွယ်ဆုံး [if] နှင့်တွဲမှတ်ပါသည်။ အများသိပြီးသား [if, unless] ဆိုပါတော့။ ဘာဖြစ်လျှင်၊ ညာဖြစ်လျှင် ဆိုသည့်အဓိပ္ပာယ်ပေါ့။ မလုပ်သင့်တာကိုလုပ်လျှင် ဒုက္ခရောက်လိမ့်မည်။ သားသမီးတွေလိမ်မာလျှင် မိဘများစိတ်ချမ်းသာရသည်။ ပင်လယ်ထဲရောက်လျှင် လှိုင်းမူးတတ်သည်။ “ခြေလျင်တပ်ကို ၀င်လျှင် တောထဲသွားပြီး တောင်တက်ရမည်။

ဟထိုးမပါသည့်လျက် ကို အဘိဓာန်တွင် လျက်/ယက်/ကြိ- အရည်ပျစ်စသည်ကို လျှာဖြင့်တို့၍စားသည်။ လျက်/ လယက်၊ ယက်/သမ်-၁၊ ရှေ့ကြိယာနှင့် နောက်ကြိယာတို့၏ အနက်ကို တစ်ပြိုင်နက်ဖြစ်ကြောင်း ပြသောစကားလုံး။ “မှောက်လျက်အိပ်သည်။ ၂၊ ရှေ့ဝါကျနှင့် နောက်ဝါကျကို ဆန့်ကျင်သောအနက်ဖြင့် ဆက်ပေးသော စကားလုံး။ “ဆုံးမပါလျက် နားမထောင်။ ဟုဖေါ်ပြထားပါသည်။

ဟထိုးပါသည့် လျှက် အသုံးကို မြန်မာအဘိဓာန်နှင့် သတ်ပုံကျမ်းတို့တွင် မတွေ့ရပါ။

ကျွန်တော်က ဟထိုးမပါသည့်လျက်ကို ကာ၊ ရင်း တို့တွင်သုံးသည့် တစ်ပြိုင်နက်ဖြစ်ပျက်မှုကိုပြသော စကားလုံးအဖြစ် အင်္ဂလိပ်စကားလုံး [v-ing, while, as,] တို့ဖြင့်လည်းကောင်း၊ သော်လည်းဆိုသည့် စကားလုံးကဲ့သို့ ဆန့်ကျင်ဘက်အနက်အဖြစ် သုံးသည့်စကားလုံးအဖြစ် [akthough, though, in spite of, despite, with] စသည့်စကားလုံးများဖြင့်လည်းကောင်း တွဲဖက်မှတ်သားပါသည်။

လျက်ကို တစ်ပြိုင်နက်ဖြစ်ကြောင်း ပြသောစကားလုံးအဖြစ် “သမီးလေးကိုပွေ့ပိုက်လျက် အပြေးလိုက် ရှာသည်။ “ကလေးခါးထစ်ခွင်ချီလျက် ဈေးတောင်းခေါင်းပေါ်ရွက်ထားသည့် အမျိုးသမီး “အမဲရိုးကိုခဲလျက် ပြေးထွက်သွားသောဂုတ်ကျား “လယ်ကန်သင်းရိုးဘေးတွင် မှောက်လျက်နေရာယူထားသော စစ်သားများ စသည့် ပုဒ်စုများ၊ ၀ါကျများတွင် အသုံးပြုသည်ကိုတွေ့ရပါသည်။

ဆန့်ကျင်ဘက်အနက်အဖြစ် သုံးသည့်စကားလုံးအဖြစ် “ချစ်ပင်ချစ်လျက် အပြောခက်။ “ငွေလုံလုံ လောက်လောက်ရှိပါလျက် လိုချင်သည့်အရာကိုမ၀ယ်။ စသည့်ဝါကျများတွင် အသုံးပြုလေ့ရှိပါသည်။

လျက်အသုံးနှင့်ပတ်သက်၍ ကျွန်တော်စိတ်တွင်စွဲနေသောဝါကျတစ်ကြောင်းမှာ သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကား ၏ ဇာတ်ဝင်ခန်းတစ်ခုတွင် လှေသင်းအတွင်းဝန်အဖြစ်သရုပ်ဆောင်သည့် (ဦး) ညွန့်ဝင်းပြောခဲ့သော “ခြေတွေလက်တွေ အကောင်းပကတိရှိပါလျက်ကနဲ့ အသိဥာဏ်ပညာ ချို့တဲ့ညှိုးနွမ်းလို့ ငါတို့ခြေလက်တွေ ကျိုးကုန်ကြပြီကွ ဆိုသည့် စကားဖြစ်ပါသည်။

နောက်ထပ်အမှားများသော အသုံးတစ်ခုမှာ လည်ရစ်မပါသော ဌ၀မ်းဘဲနှင့် လည်ရစ်ပါသော ဋ္ဌ၀မ်းဘဲ ဖြစ်သည်။ ကျွန်တော်ကတော့ “ရှေ့ဖြုတ်၊ နောက်ထည့် ဟုမှတ်သားထားပါသည်။

ဌာန၊ ဌာနေ၊ ဌာပနာ၊ ဌာန်ကရိုဏ်း စသည့်စကားလုံးများတွင် လည်ရစ်မပါသော ဌ၀မ်းဘဲကို ရှေ့ကထားသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့လည်ရစ်မပါသော ဌ၀မ်းဘဲ ကို သုံးသည့်အတွက် လည်ရစ်ဖြုတ်ထားသည့် သဘောဖြင့် “ရှေ့ဖြုတ် ဟုမှတ်ထားပါသည်။

ဆဋ္ဌမ၊ အဋ္ဌမ၊ ဥက္ကဋ္ဌ၊ ဒိဋ္ဌိ၊ ဓိဋ္ဌာန် တို့တွင်အသုံးပြုသည့် ဋ္ဌ၀မ်းဘဲတွင် လည်ရစ်ပါပါသည်။ ထိုသို့ အလယ်စာလုံး၊ နောက်စာလုံးများတွင် လည်ရစ်ပါသည့် ဋ္ဌ၀မ်းဘဲအသုံးပြုသည်ကို အစွဲပြုပြီး “နောက်ထည့် ဟု မှတ်သား ထားပါသည်။

ကျွန်တော့်မှတ်သားနည်းမှာ လူတိုင်းအတွက် အဆင်ပြေချင်မှပြေပါလိမ့်မည်။ သို့သော် ကျွန်တော်ကဲ့သို့ နီးစပ်ရာ သို့မဟုတ် မိမိအားသန်ရာ တစ်ခုခုနှင့်တွဲဖက် မှတ်သားတတ်သည့် စာပေ၀ါသနာရှင်အချို့အတွက် အသုံးတည့်လျှင်မူ အကျိုးမယုတ်ဟုထင်ပါသည်။

မြန်မာစာ၊ မြန်မာစကား အသုံးပြုရာတွင် ယခုအချိန်ထိ အငြင်းပွားဖွယ်ရာ စကားလုံးတချို့တလေ ကျန်ပါသေးသည်။ လူတိုင်း ခြောက်ပစ်ကင်းသဲလဲစင် မဖြစ်နိုင်သော်လည်း တတ်နိုင်သမျှ စာလုံးပေါင်း၊ သတ်ပုံ သတ်ညွှန်း မမှားအောင် ရေးပါက ကိုယ်ရေးသည့်စာကို ဖတ်သည့် စာဖတ်သူအား လေးစားရာရောက်သည်ဟု မြင်ပါသည်။

သပ်ပုန်ဒေ မှားလဲ အယေးမကျီးပါဗူးကွာ။ ဏားဠယ်ယင် ပျီးဒါဘာဘဲ။ ကိုယေးခြင်သလို ယေးဒေါ့ ဗာဖျစ်လဲ။ ဟုစောဒကတက်လာပါက အထွေအထူးပြောရန်မရှိပါခင်ဗျား။ စာပေ၊ ဘာသာစကားကို အလေးထားကြသူများ အတွက်သာ ဤဆောင်းပါးကိုရေးခြင်းဖြစ်ပါသည်။

လွန်ခဲ့သည့် ဆယ့်လေးငါးနှစ်ခန့်က ဆရာမြင့်သန်း(သြစတေလျ) ဆောင်းပါးတစ်ပုဒ်တွင်ပြောခဲ့သည့် စကားကို သတိရမိပါသည်။ ဆရာပြောခဲ့သည့်စကားမှာ “စနစ်တကျ သင်ယူလေ့လာ ဆည်းပူးအပ်သော ပညာမှန်သမျှ လမ်းဘေးက ရွက်ကျပင်ပေါက်မဟုတ်။ ဟူ၏။ ပညာသည်သာ ကျွန်တော်တို့ ဘ၀ကို လမ်းပြပေးနိုင်သည့် မီးရှူးတန်ဆောင်မဟုတ်ပါလော။

Check Also

တွေးမိတွေးရာ မြန်မာစာ စာလုံးပေါင်းမှားလျှင် အဓိပ္ပာယ်လွဲပါသည်

ကျွန်တော့်ဆောင်းပါးဖတ်မိသည့် မိတ်ဆွေတစ်ယောက်က “မြန်မာစာမြတ်နိုးတယ်လည်း ပြောသေးတယ်။ ဆောင်းပါးထဲမှာ အင်္ဂလိပ်လိုတွေလည်း တွဲရေးထားသေးတယ်။”ဟု ဆိုပါသည်။ မှန်ပါသည်။ ကျွန်တော့်ဆောင်းပါးထဲမှာ အင်္ဂလိပ်လိုတွဲရေးရခြင်းအကြောင်းမှာ ပညာတတ်အသိုင်းအ၀ိုင်းများ ကြားတွင် မြန်မာစာ သတ်ပုံသတ်ညွှန်း …