Thursday , April 26 2018
Home / FNews / မျက်နှာလေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နုပျိုတဲ့ ရုပ်ရည်ကို ရရှိစေနိုင်သလား

မျက်နှာလေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နုပျိုတဲ့ ရုပ်ရည်ကို ရရှိစေနိုင်သလား

 

မိတ်ကပ်တွေကို သုံးရတာ ငြီးငွေ့နေပြီး သဘာဝအတိုင်း မျက်နှာလေးကို လှပနေစေချင်ပါသလား။ သုတေသန ပညာရှင်တွေဟာ မကြာသေးခင်က နည်းလမ်းတစ်ခုကို စမ်းသပ်ခဲ့ကြပြီး ဒီနည်းလမ်းကို ‘Facial Yoga’ လို့ ခေါ်ဝေါ်သုံးနှုန်း ကြပါတယ်။ ဒီနည်းလမ်းဟာ နုပျိုတဲ့ရုပ်ရည် ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး မျက်နှာကြွက်သား တွေကိုလှုပ်ရှားပေးခြင်း ဖြစ်ပါတယ်။ အသက်ကြီးရင်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေ၊ ပါးရေတွန့်လာတာတွေ၊  ပါးချိုင့်လာတာတွေကို လျော့နည်းစေဖို့ မျက်နှာလေ့ကျင့်ခန်းလို့ခေါ်တဲ့ ဒီနည်းလမ်းကို ပြုလုပ်ကြပါတယ်။ ဒီလို မျက်နှာလေ့ကျင့်ခန်းတွေကို လုပ်ခြင်းအားဖြင့် ပါး၊ မေးရိုး၊ မျက်ခွံ၊ မျက်ခုံး နဲ့ လည်ပင်း တွေမှာရှိတဲ့ ကြွက်သားတွေကို သန်မာလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

သုတေသီတွေဟာ အသက် ၄၀ နဲ့ ၆၅ နှစ်ကြား အမျိုးသမီး ၂၇ ဦးကို တစ်နေ့ မိနစ် ၃၀ ကြာအောင် မျက်နှာလေ့ကျင့်ခန်း ပြုလုပ်စေခြင်းဖြင့် သုတေသနပြုခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲမှာတော့ ပါးမှာရှိတဲ့ ကြွက်သားတွေ၊ ပါးစပ်နဲ့ မျက်လုံးတစ်ဝိုက်က ကြွက်သားတွေကို တင်းကျပ်အောင်လုပ်ပေးခြင်း၊ ဆွဲဆန့်ပေးခြင်းနဲ့ ပင့်တင်ပေးခြင်းတွေ ပါဝင်ပါတယ်။ ရက်ပေါင်း ၁၄၀ အကြာ လေ့လာခဲ့အပြီးမှာတော့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခဲ့သူအမျိုးသမီးတွေဟာ အသက် ၃ နှစ်စာလောက် ပိုပြီး နုပျိုသွားတဲ့ မျက်နှာလေးတွေကို ရှိခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ဒီလေ့ကျင့်ခန်းကို အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို မိနစ် ၃၀ ပုံမှန် ပြုလုပ်ပေးမှသာ အကျိုးရလဒ်ကို ခံစားရမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို မိနစ် ၃၀ နဲ့ ရက်ပေါင်း ၁၄၀ ကြာအေင် ပြုလုပ်ပေးရမှာ ဖြစ်တာကြောင့် အမျိုးသမီးတွေအနေနဲ့ နုပျိုတဲ့ မျက်နှာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ခန်းကို လုပ်ဖို့လိုမှာပါ။

လေ့ကျင့်ခန်းကို စိတ်ဝင်တစားနဲ့ ပုံမှန်မလုပ်ရင်တော့ အကျိုးရလာဒ်ကို ခံစားရဖို့ အချိန်ကြာမှာ ဖြစ်ပါတယ်။ မျက်နှာလေ့ကျင့်ခန်းလုပ်ခြင်းက ပိုကြည့်ကောင်းတဲ့ ပါးရိုးပုံစံ ဖြစ်စေပါတယ်။ နေ့စဉ်မိနစ် ၃၀
ပုံမှန်လုပ်သွားရင် ၄ ပတ်အကြာမှာ သိသာတဲ့ပြောင်းလဲမှု ကို စတင်ခံစားမိမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်ခြင်းဟာ တချို့သူတွေအတွက် အလုပ်မဖြစ်တာတွေရှိတာကြောင့် ဒီလေ့ကျင်းခန်းတွေ မပြုလုပ်ခင်မှာ အရေပြားဆရာဝန်နဲ့ ကြိုတင်မေးထားသင့်ပါတယ်။

အလှအပအတွက် မျက်နှာဆေးထိုးတာတွေ လုပ်ထားတဲ့သူတွေဟာ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ဆေးရဲ့ အာနိသင်ကို အမြန်ပျယ်စေတာကြောင့် ဒီလို မျက်နှာဆေးထိုးထားသူတွေကတော့ လေ့ကျင့်ခန်းကို မလုပ်သင့်ပါဘူး။ တချို့လူတွေအတွက်တော့ မျက်နှာလေ့ကျင့်ခန်းတွေကို လုပ်ခြင်းကြောင့် ပိုပြီးတော့တောင် ရင့်ရော်သွားတတ်ပါတယ်။ တချို့လူတွေဟာ မျက်နှာက ကြွက်သားတွေကို ကျုံ့တာ ဆန့်တာ များလာတဲ့အခါ အရေပြားတွေဟာ တွန့်သွားတတ်တာကြောင့် မျက်နှာလေ့ကျင့်ခန်းကို နည်းစနစ်ကျကျလုပ်ပေးဖို့ လိုအပ်ကြောင်း အရေပြားအထူးကု ဆရာဝန် Shilpi Khetarpal က ပြောခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနည်းလမ်းဟာ သဘာဝအတိုင်း မျက်နှာကို နုပျိုစေဖို့ နည်းလမ်းတွေအများကြီးထဲကမှာ ပျိုမေတို့ ရွေးချယ်ဖို့အတွက် ဘေးအကင်းဆုံးနဲ့ အကုန်အကျ အသက်သာဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
Reff :

Check Also

ပြည်မြို့နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ထက် အခွန်ငွေ ကျပ်သန်း(၂၅၀)ကျော် ပိုမိုကောက်ခံရရှိ

  သီဟလွင် (မြစ်မခ) ပြည်၊ မတ် ၂၃ ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ယခု ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်ထက် ကျပ်သန်း(၂၅၀)ကျော် …