Tuesday , November 28 2017
Home / အင်တာဗျူး / ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့် တွေ့ဆုံခြင်း  

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့် တွေ့ဆုံခြင်း  

အေမီအောင်(မြစ်မခ)

မေး – ဥပဒေကြမ်း ကော်မတီဥက္ကဌ အဖြစ် တာဝန်ပေးအပ်ခံရတဲ့ အပေါ် ဘယ်လိုခံစားမိပါသလဲ။

ဖြေ – ဥပဒေကြမ်း ကော်မတီဥက္ကဌ တာဝန်ပေးခံရတယ်ဆိုတာ လွှတ်တော် တက်တုန်းမှာပဲသိတာ။ ကြိုတင် သိရတာ မရှိဘူး။  ကြားလိုက်ရတော့ ပထမအချက်က အံ့သြသွားတာပေါ့။ ဒုတိယအချက်က ကျွန်တော်ကို တာဝန်ပေးတာပဲလို့ ခံယူတာပါ။ တတိယအချက်က ပေးတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်လို့ ခံယူထားပါတယ်။ ကျွန်တော်ရဲ့ သဘောထားအမြင်ပါ။

 

မေး – ဒီမိုကရက်တစ် အင်အားစုတွေ လွှတ်တော်တွင်းမှာ အများစု တာဝန်ထမ်းဆောင်လိုက်ရလို့ လွှတ်တော် တွင်းမှာ ဘယ်လိုအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ထင်ပါလဲ။

ဖြေ- ကျွန်တော် နိုင်ငံရေးလုပ်ချိန် အသက်မွေးဝမ်းကျောင်းက ရှေ့နေလုပ်ခဲ့တာပါ။ ပါတယ်။ ဥပဒေတွေကို  စိတ်ဝင်စားပါလို့ ဥပဒေတွေကို လေ့လာပါတယ်။ ဥပဒေတွေ လေ့လာတဲ့အခါ တစ်ချို့ ဥပဒေတွေကို ဘ၀င်မကျတာလေးတွေ ရှိပါတယ်။ ခေတ်ပြောင်းလာတဲ့ အတွက်ကြောင့် အယူအဆတွေ ပြောင်းလာ ကြတာပေါ့။ အယူအဆ ပြောင်းလာတဲ့ ဥပဒေတွေ ရှိပါတယ်။ လူတွေက အယူအဆ ပြောင်းလာကြတယ်။ ဥပဒေက နောက်မှာ ကျန်နေခဲ့တာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာ ရှေးတည်းက  ပြဌာန်းခဲ့တဲ့ ဥပဒေတွေဖြစ်တဲ့ အတွက်ကြောင့် ခေတ်သစ်မှာ ပြောင်းလဲလာတဲ့ အယူအဆ သဘောတရားကို လိုက်လို့ မရဘူး ဖြစ်နေတယ်။ ခေတ်နဲ့ မညီတဲ့ ဥပဒေမျိုးကို ဆိုရင် ပြောင်းလဲဖို့ လိုတယ်ဆိုတာကို ကျွန်တော် ယခင် တည်းက သတိထားမိ ပါတယ်။

 

မေး – ဘယ်လိုမျိုး ဥပဒေတွေကို ပြင်ဆင်ချင်ပါသလဲရှင် ။

ဖြေ – ၁၉၈၈ – ၁၉၈၉ခုနှစ် လောက်က  လျှပ်စစ် ဥပဒေမှာ ကျွန်တော်က လျှပ်စစ်ထုတ်ချင်တယ်ပြောလို့ရှိရင် အစိုးရ အခင်းအကျင်းမှ လျှပ်စစ် ထုတ်လို့ရမယ်လို့ ဒီလိုဖြစ်လာတာပေါ့။ သာမာန်လူက လျှပ်စစ်ထုတ်လို့ မရဘူး။ လျှပ်စစ် ထုတ်တယ်ဆိုရင် ဥပဒေနဲ့ငြိစွှန်းတယ်၊ ပြည်သူတွေက လျှပ်စစ် ရဖို့ရာအတွက် လျှပ်စစ်ပေးနေတဲ့ ဓာတ်တိုင်တွေကို မှီရတယ်။ ဒီလို မှီရတဲ့အတွက် လျှပ်စစ် မလုံလောက်မှု ဖြစ်တယ်။ မြန်မာနိုင်ငံက ရေမြေတောတောင်တွေ ပေါများတဲ့နေရာပါ။ စီးနေတဲ့ ချောင်းလေးတွေကနေ တစ်အိမ်ထောင်စု သုံးထုတ်ဖို့ ရကြပါတယ်။  လျှပ်စစ်ထုတ်ခွင့်ကို ပြင်ပေးလိုက်မယ်ဆိုရင် တိုင်းပြည်မှာ လူတွေကလဲ လျှပ်စစ်နဲ့ မီးလင်းလင်းချင်းချင်း နေရမယ်။ တိုင်းပြည်မှာလဲ လျှပ်စစ်တွေ ပိုပြီးတော့ ထွက်လာနိုင်တယ်လို့  ရှေးယခင်က စဉ်းစားဖူးပါတယ်။ ဒီလိုမျိုးပဲ ယူဆချက်ရှိပါတယ်။ တိုင်းပြည်အကျိုးရှိနိုင်တဲ့ ဥပဒေများဆိုရင် အသစ်ပြဌာန်းရင် ပြဌာန်းရမယ်။  ပြင်ဆင်သင့်ရင်  ပြင်ဆင်ရမယ်လို့ ယူဆချက် ရှိပါတယ်။

 

မေး – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဥပဒေကြမ်း ကော်မတီ ဥက္ကဌရဲ့ သဘာထားကို သိလိုပါတယ်။

ဖြေ – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အားနည်းချက်တွေ ရှိတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ပြင်ဆင်ဖို့ လိုတယ်လို့  ကျွန်တော် ယူဆတယ်။ ဒီလိုပြင်ဆင်လို့ ရခဲ့တာတွေလဲ ရှိခဲ့တယ်။ ကျွန်တော် ဥပဒေကြမ်း ကော်မတီမှာ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ရင် ခေတ်နဲ့ မညီတဲ့ဥပဒေတွေ၊  ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ နိုင်ငံတော်အတွက် အကျိုးရှိမဲ့ ဥပဒေတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို အသစ်ပြဌာန်းနိုင်မယ်။  ပြင်ဆင်နိုင်ခွင့်ရမယ်။ ကြိုးပမ်းဖို့လဲ ရှိပါတယ်။

 

မေး- နိုင်ငံမှာ ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ဘယ်နှစ်ခုလောက် ရှိနိုင်လဲ ဆိုတာ ဥပဒေကြမ်းကော်မတီ ဥက္ကဌရဲ့ အမြင်ကို သိလိုပါတယ်ရှင်။

ဖြေ –  ဥပဒေတွေက အများကြီးပဲ။ ဥပဒေတွေကို အလွဲသုံးလိုက်တာ ရှိပါတယ်။ ဥပဒေကို အလွဲသုံးတဲ့ ဥပဒေတွေထဲမှာ အရေးပေါ် စီမံမှု အက်ဥပဒေ ရှိတယ်။ ဒါဟာ အမှန်အားဖြင့်တော့ သတင်းပေးသူကို စစ်ဆေးတဲ့ ဥပဒေ၊ တားဆီးတဲ့ ဥပဒေတွေပါ၊  ဒီဥပဒေကို နိုင်ငံရေးထဲမှာထည့်ပြီးတော့ နိုင်ငံရေးသမားတွေကို ပုဒ်မ ၅ ညနဲ့ တရားစွဲလိုက်တာ တာတွေဆိုတော့  ဒါက ဥပဒေကို အလွဲသုံးလိုက်တာပေါ့လေ။ ဒီလို ဥပဒေကို အလွဲသုံးလိုက်တာတွေ အများကြီးရှိတယ်။ ပြန်ပြီးတော့ စဉ်းစားရမှာလေ မှန်မှန်ကန်ကန် ရှိအောင်  ဥပဒေတွေကို  ကြည့်တဲ့ အခါ တစ်အားများပြီး ပြည်သူလူထုက မသိဘူးလို့ ပြောရင် မအောင်မြင်နိုင်ဘူး။ သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင် မလုပ်နိုင်ဘူး။ ဥပဒေတွေကို ပြည်သူလူထုသိအောင် ပြန်ပြီးတော့ ဘယ်လို လုပ်ရမလဲဆိုတာ စိန်ခေါ်ချက် တစ်ခုပါ။ ဥပဒေပြုရုံနဲ့ မပြီးဘူး။ မှန်ကန်တဲ့ ဥပဒေပြုပြီးတယ် ပြောရင်  ဒါက ၅၀ ရာခိုင်နှုန်းပဲ ရှိသေးတာပါ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက ပြည်သူလက်ခံနိုင်အောင် ပြည်သူကျင့်သုံး နိုင်အောင် ဆောင်ရွက်စရာ ရှိပါတယ်။

 

မေး – ဥပဒေကြမ်းကော်မတီသည် ဥပဒေမူကြမ်းများတွင်   တိုင်းရင်သား စည်းလုံး ညီညွတ်ရေးကို ထိခိုက် ပျက်ပြားစေမည့် အရေးအသား၊ အသုံးအနှုန်းများ   ရှိ ၊ မရှိ စိစစ်ရမယ့် တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိတယ်လို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လို ပြင်ဆင်သွားဖို့ ရှိပါလဲ။

ဖြေ – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက လာမယ့် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ့ အကျိုးကျေးဇူးများကို ဖော်ဆောင်တဲ့ နေရာမှာ တစ်ချို့နေရာတွေမှာ သိပ်နုနေတာ ရှိတာပေါ့လေ။  အဲ့ဒါမျိုးတွေကျတော့ ပြင်ဖို့ လိုပါတယ်။ ဘယ်နည်းနဲ့ ပြင်ရမှာလဲဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ အချက်တွေ ရှိပါတယ်။ ဒါတွေကို ပြင်နိုင်အောင် ကျွန်တော် ကြိုးစားရမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုရင်  ကြိုးစားသွားမယ် ၊ သက်တမ်းအတွင်းမှာတော့ ကြိုးစားသွားမယ်။

 

မေး- ပြည်ထောင်စု အဆင့်၊  ပြည်နယ်အဆင့် အာဏာခွဲဝေမှု အပေါ် ဥပဒေတွေ ပြင်ဆင်ဖို့ ရှိပါသလား။

ဖြေ – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ကြည့်လိုက်ရင် ပုံပန်းသဏ္ဍာန် အားဖြင့်  ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရ(၂)ခုရှိနေတာပေါ့။ အစိုးရ ၂ ခုရှိနေပြီး အာဏာခွဲဝေထားတာ တွေရှိပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းလိုတဲ့ နိုင်ငံရဲ့ ပုံပန်းသဏ္ဍာန် တစ်ခုဖြစ်ပြီး  ပြည်နယ်ဘက်ကို ဘယ်လို အာဏာတွေ ပေးမလဲ။  ပြည်ထောင်စု ဘက်ကို ဘယ်လို အာဏာတွေ ပေးမလဲ။  ဒါတွေ အပေါ် မူတည်ပြီးမှ ဖယ်ဒရယ် စနစ်ဖြစ်တယ်။ တစ်ပြည်ထောင်စနစ် ဖြစ်တယ်ဆိုတာ သတ်မှတ်ရမယ်။ တစ်ချို့ကို ယူပြီး တစ်ချို့ကို ပြင်ဆင်ရမှာ ရှိတယ်။

 

မေး- ၅၉(စ)ကို ဆိုင်းငံ့တဲ့ အဆို တင်ရင် အခြေခံ ဖွဲ့စည်းပုံအတိုင်း တပ်မတော်က ဆောင်ရွက်သွားမယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက မီဒီယာများကို ဖြေထားပါတယ်။ ၅၉(စ) အပေါ် ဥပဒေကြမ်းကော်မတီ ဥက္ကဌရဲ့အမြင်ကို သိလိုပါတယ်ရှင်။

ဖြေ- ၅၉(စ)ကို မြင်တဲ့ ကျွန်တော်အမြင်က  ၅၉(စ)ကို ပြောတာထက် ဥပဒေဆိုတာကို ပြောချင်ပါတယ်။ ဥပဒေဆိုတာ ကျယ်ဝန်းတဲ့ ဘောင် ရှိရတာပေါ့။ ကျယ်ဝန်းတဲ့ ဘောင် ရှိမှသာ အကျိုးပြုနိုင်ပြီး ဥပဒေလို့ သတ်မှတ်လို့ရတာပေါ့။ ( ဥပမာ- လူတစ်ဦးတစ်ယောက်သည် ခိုးမှုကို မကျုးလွန်ရဘူး။ ကျုးလွန်လျှင် ဒါရာဇ၀တ်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။  ဒီဥစ္စာက ဘောင်က ကျဥ်းတယ်လေ။ ဥပမာ – သူငယ်ချင်းတစ်ယောက်က အခြားသူငယ်ချင်းတစ်ယောက်ရဲ့ ပစ္စည်းကို ယူသုံးမိရင် ခိုးတယ်လို့ သုံးနှုန်းလိုက်တာထက် မင်းကို မတွေ့လို့ ခဏလောက်သုံးနေကျမို့ ယူသုံးလိုက်တာပါလို့ ပြောချင် ပြောလို့ ရတာပဲ။ ခိုးမှုဆိုတာ ဘာလဲ အဓိပ္ပါယ်ပေါ်အောင် ကျယ်ဝန်းတဲ့ သဘောတရား ဘောင်ရှိဖို့ လိုပါတယ်။ လူတစ်ဦး တစ်ယောက်သည် တစ်ခြား လူတစ်ဦး၊ တစ်ယောက်ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို နေရာမှ ရွှေ့စေလျှင် ဆိုတာပေါ့။ ကျွန်တော်တို့က ဒီလို အကျယ်ချဲ့တာပေါ။ ဥပဒေတွေ သဘောသက်ရောက်ပြီး ဒီအထဲကို လုပ်လို့ရတာပေါ။) အဲ့တော့ ကျွန်တော်တို့က ဒီတစ်ခုတည်း တစ်ယောက်တည်း အပေါ်မှာ သတ်မှတ်တယ်ဆိုတာက ဥပဒေရဲ့ သဘောဆန္ဒမျိုးမဟုတ်ပါဘူး။ လူတစ်ယောက်တည်းအတွက်လို့ သဘောသက်ရောက်နေတဲ့ ဥပဒေမျိုးဆိုရင် ဥပဒေထဲမှာ မမူဘူးလို့ ဒီလိုပဲ ကျွန်တော်တို့က ပြောလို့ရမှာပေါ့။ အဲ့ဒါ မျိုးကို ဥပဒေနဲ့ ညီအောင် ပြင်ဆင်ဖို့ လိုတာပေါ့။

 

မေး – ၅၉(စ)နဲ့ ပတ်သက်ပြိး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ ညှိ့နှိုင်းသွားဖို့ ရှိလား ။

ဖြေ – ၅၉(စ)နဲ့ ပတ်သက်ပြီး ညှိနှိုင်းသွားဖို့ ရှိလားဆိုရင် ဥပဒေကြမ်းတွေကို ကျွန်တော်တို့ဆီရောက်လာရင် ဥပဒေကြမ်းကော်မတီမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေချည်းပဲ မဟုတ်ပါဘူး။ USDP ကလဲ ပါဝင်တယ်။ အခြားပါတီတွေကလဲ ပါဝင်တယ်။ တပ်မတော်ကိုယ်စားလှယ်များလည်း ပါပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က ကော်မတီ အဖွဲ့ဝင်ချင်း တူပေမယ့် သူတို့ရဲ့ သဘောထားတွေ က ကွဲပြားလာစရာရှိတယ်။ ကွဲပြားလာရင် အတတ်နိုင်ဆုံး ပြေလည်အောင် ညှိနှိုင်းရမယ်။ ကိုယ့်အယူအဆကို သူ့ကို ပြောရမယ်။ ကိုယ့် အယူအဆရဲ့ အားနည်းချက်၊ အားသာချက်ကို ပြောရမယ်။ သူဘက်ကလဲ သူ့အယူအဆရဲ့ အားနည်းချက် အားသာချက်တွေလဲ ပြောရမယ်။ ကျွန်တော်တို့ ညှိနှိုင်းရမယ့် သဘောရှိ တယ်။ ကျွန်တော်တို့  သဘောထားချင်း တူသွားရင် အဆင်ပြေသွားတာပေါ့။

 

မေး- အခုလက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ချက်တွေ ပေးထားတာရှိပါလားရှင့်။

ဖြေ – ဒေါ်အောာင်ဆန်းစုကြည်က  အခုချိန်ထိ လမ်းညွှန်ချက် မပေးသေးပါဘူး။ ဥက္ကဌက ခေါ်ပြီး လမ်းညွှန်နိုင်ပါတယ်

 

မေး- ဥပဒေကြမ်းကော်မတီအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှမ်းမိုးမှု ရှိလာနိုင်ပါလား။

ဖြေ – ဥပဒေကြမ်း ကော်မတီရဲ့ တာဝန်မှာကိုက လွှတ်တော်ဥက္ကဌကြီးက လမ်းညွှန်ချက်တွေ တာဝန်တွေလဲ ပေးလို့ရတာကိုး။

 

မေး – ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တွေကို လွှတ်တော်က ဥပဒေတွေနဲ့ အကာအကွယ်ပေးထားတဲ့ အပေါ် ဘယ်လို သဘောထားရှိပါလဲ။

ဖြေ – ဘာကိုပဲ ကြည့်မှာလဲဆိုရင် တိုင်းပြည်ရဲ့ ကောင်ကျိုးကိုပဲ ကြည့်ပြီးတော့ ဆောင်ရွက်ရမှာပါ။ အဲ့လို ဆောင်ရွက်တဲ့ နေရာမှာ တစ်ချို့ သဘောကျတဲ့ သူလဲ ရှိမှာပေါ့။ တစ်ချို့သဘော မကျပေမယ့်လဲမှာပါ။ အန္တရာယ် မပေးဘူးပေါ့။ တစ်ချို့ကလဲ သဘောမကျလို့ အန္တရာယ် ပြုတာတွေ ရှိရင် ရှိမှာပေါ့။ ဒီအချက်က ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်တွှေအလုပ်လုပ်တဲ့ နေရာမှာ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်အောင် လုံခြုံ စိတ်ချစွာ ဥပဒေအရ အကာအကွယ် ပေးထားတယ်လို့ မြင်ပါတယ်။

 

မေး- ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဌ တစ်ယောက်အနေဖြင့် လူထုကို အသိပေးချင်တာများ ရှိရင် သိလိုပါတယ်။

ဖြေ –  ကျွန်တော်က ဥပဒေကို ပါရဂူတစ်ယောက်လို တတ်ကျွမ်းသူမဟုတ်ပါဘူး ဥပဒေကို လ့လာတဲ့သူပါပဲ။ ကျွန်တော် ကိုယ်စွမ်းရှိ သမျှ နိုင်ငံတော် အကျိုး ရှိမယ့် ဥပဒေများကို ပြဌာန်းနိုင်အောင် ကြိုးပမ်းသွားမှာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

Check Also

အသက် ၁၂ နှစ်အရွယ် ပန်းချီဆရာမ

ငယ်စဉ်ကတည်းက ပန်းချီပညာကိုစိတ်ဝင်စားရင်း တစ်စိုက်မတ်မတ်ကြိုးစားလာခဲ့ရာမှ အသက် (၁၂)နှစ် အရွယ်မှာ ပထမဆုံး ပန်းချီပြပွဲပြုလုပ်သွားတော့မယ့်….မမေသော်တာဟိန်ကို အင်တာဗျုးထားပါတယ်။ မေး ။မင်္ဂလာပါ ညီမလေး။ ဖြေ ။မင်္ဂလာပါ။ မေး …