Monday , September 25 2017
Home / FNews / ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာမှုများခြင်းနှင့်အတူ ဆင်ဆာကျပြီး ရုံတင်မည့် ကား(၁၇၀)ရှိဟု ရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဌ ဦးအေးကြူလေးပြောဆို

ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာမှုများခြင်းနှင့်အတူ ဆင်ဆာကျပြီး ရုံတင်မည့် ကား(၁၇၀)ရှိဟု ရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဌ ဦးအေးကြူလေးပြောဆို

 

မဟာ(မြစ်မခ)

ရန်ကုန်၊ ဇွန် ၅ ရက်။

လက်ရှိ ရုပ်ရှင်နှင့် ဗီဒီယိုလောကအတွင်း ဗီဒီယိုလောကအခြေအနေ မငြိမ်မသက်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကား များ ပြန်လည်ဦးမော့လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယ ဥက္ကဌ ဦးအေးကြူလေးကို တွေ့ဆုံမေးမြန်းခဲ့သည်။ 

 

မေး။    ။ ဗီဒီယိုဖက်ကို သရုပ်ဆောင်ကြီးတွေ ရိုက်ကူးမှုမရှိတော့ လက်ရှိ ဗီဒီယိုလောကအခြေအနေကို သိလိုပါတယ်။

ဖြေ။     ။ ရုပ်ရှင်ကားကြီးတွေဖက် မင်းသားမင်းသမီးတွေက ရိုက်ကြတာများတော့ ဗီဒီယိုဘက်မှာ ကျဲသွားတယ်။ ဒီတော့ အသစ်တွေက ထိုးရိုက်လာကြတယ်။ အကြီးပိုင်းတွေကတော့ နားတဲ့အချိန်မှာ ဝင်ရိုက်ပေးကြတယ်။ နာမည်ရ သရုပ်ဆောင်တွေ မပါရင် ရောင်းရဝယ်ရတာလည်း ခက်တယ်။ တိုက်တွေမှာ အသစ်တွေပဲ ရိုက်ကူးမယ်ဆိုရင် အဆင်မပြေဘူး။ အသစ်နဲ့ အဟောင်းတွဲပြီး ရိုက်မှ ရောင်းရမှာပါ။ ညှာတဲ့ မင်းသားကြီးတွေက ရိုက် ရက်ပေးပြီး ရိုက်ပေးကြပါတယ်။ ရိုက်တာတော့ ရိုက်နေကြပါသေးတယ်။

မေး။    ။ ဗီဒီယိုရိုက်ကူးမှုနည်းလို့၊ ကားရိုက်နည်းသွားလို့ တချို့သရုပ်ဆောင်တွေ အဆင်မပြေကြဘူးလို့ ဆိုနေကြတယ်။

ဖြေ။     ။ အခုလောလောဆယ်တော့ ဗီဒီယိုပိုင်းက ကားရိုက်နည်းသွားတယ်။ ရုပ်ရှင်ကားတွေကို ရိုက်ကူး လာတာကြောင့် သရုပ်ဆောင်တွေအတွက် ရိုက်ကူးခွင့် ရနေမှာပါ။ ဒါပေမဲ့ အရင်က ရုပ်ရှင်ကားတွေ တစ်နှစ်ကို (၁၅)ကား လောက်ထွက်တယ်။ အခုဒီနှစ်ဆို ကားပေါင်း(၁၇၀)က ဆင်ဆာကျပြီး နေပါပြီ။ လက်ရှိမှာပေါ့။ ရုံတင်ဖို့ တန်းစီ စောင့်နေကြပါပြီ။ ဒီတော့ ကားကြီးတွေရိုက်ရင် အရင်ဗီဒီယိုရိုက်တာထက် ဈေးပိုရပါတယ်။  အနုပညာကြေးပေါ့။ ဥပမာ-ဟိုဘက်မှာ (၁၀)သိန်းဆိုရင် အခုဘက်မှာသိန်း(၂၀)ရလာမယ်။ နာမည်ကြီးတဲ့ အကြီးတန်းတွေတော့ သူ့ဘာသာသူဖြစ်နေတာပေါ့။ သူ့ဟာနဲ့သူ ဖြစ်နေတာပေါ့။ ခုချိန်မှာ ဟာသကားရိုက်မှ ပိုက်ဆံရတယ်ဆိုတော့ ကျန်တဲ့ အပိုင်းရိုက်တဲ့သူတွေအတွက် ဒုက္ခရောက်ကြရတယ်။

 

မေး။    ။ ဒါဆို အခုရုပ်ရှင်ခေတ်ကောင်းလာပြီလို့ ဆိုလိုချင်တာလား။ ဒါက ထုတ်လုပ်သူတွေနဲ့ ဆိုင်လေမလား ခေတ်ရေစီးကြောင်းနဲ့ ဆိုင်နေမလားဗျ။

ဖြေ။     ။ ရုပ်ရှင် ခေတ်ကောင်းလာတဲ့ အတိုင်းအတာပေါ့။ ဟာသကားဆို ဟာသကားကြီးပဲ ရိုက်တာများလာ ပေမယ့် ကြာရင်အိုင်သွားရော၊ သတိထားရမှာ တချို့ကားတွေဆိုရင် ရုံတင်ပြီး တစ်ပါတ်တောင်မခံဘူး။  ကျရှုံးးသွားတာတွေရှိတယ်။ တစ်ချိန်ချိန်မှာတော့ ကောင်းတဲ့ကားပဲ ကျန်မှာပဲ၊ ရုံသမားကတော့ ရုံတင်ဖို့ ဇာတ်ကားတွေ အရင်ကထက် နည်းနေတော့ လိုနေမှာပါပဲ။ တစ်နှစ်မှ(၁၅)ကားဆိုတော့ ပြီးခဲ့တဲ့နှစ်ကဆိုရင် (၃၃)ကားထွက်လာခဲ့တယ်။ ဒီနှစ်ရုံတင်နေတာတွေရှိမယ်။ အရင်ကထက် ရုပ်ရှင်ရိုက်ကူးမှုတွေ များနေတယ်ပေါ့။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …