Saturday , May 27 2017
Home / FNews / အသက် ၁၂ နှစ်အရွယ် ပန်းချီဆရာမ

အသက် ၁၂ နှစ်အရွယ် ပန်းချီဆရာမ

ငယ်စဉ်ကတည်းက ပန်းချီပညာကိုစိတ်ဝင်စားရင်း တစ်စိုက်မတ်မတ်ကြိုးစားလာခဲ့ရာမှ အသက် (၁၂)နှစ် အရွယ်မှာ ပထမဆုံး ပန်းချီပြပွဲပြုလုပ်သွားတော့မယ့်….မမေသော်တာဟိန်ကို အင်တာဗျုးထားပါတယ်။
မေး ။မင်္ဂလာပါ ညီမလေး။
ဖြေ ။မင်္ဂလာပါ။
မေး ။ညီမလေးရဲ့ လက်ရှိ ပန်းချီပြပွဲအကြောင်းလေး ပြောပြပါလား။
ဖြေ ။ညီမရဲ့ ပန်းချီပြပွဲကတော့ မေလ(၁၃)ရက်ကနေ (၁၅)ရက် သုံးရက်ပြသွားမှာပါ။နေရာကတော့ ပန်းဆိုးတန်း Glallery မှာ မနက်(၁၀)နာရီကနေ ညနေ(၆)နာရီထိ ပြသသွားပါမယ်။


မေး ။ပြပွဲမှာ ပန်းချီကားအရေအတွက် ဘယ်လောက်ပြသွားဖို့ စီစဉ်ထားသလဲ။ဘယ်လိုအမျိုးအစားတွေ ဖြစ်မလဲ။
ဖြေ ။ကားပေါင်းကတော့ size စုံပါပါတယ်။ပန်းချီကား (၃၀)ကျော်လောက်ပေါ့။ ကားအမျိုးအစား ကတော့ မော်ဒန်ပန်းချီတွေ များပါတယ်။ရေဆေးကော ဆီဆေးကားတွေ အစုံပါပဲ။
မေး ။မော်ဒန်ပန်းချီအများဆုံးပါတယ်ဆိုတော့ အကြိုက်ဆုံးလို့ ပြောတာလား။ဘာကြောင့် ဒီပန်းချီအမျိုး အစားကို ရွေးချယ်ဆွဲခဲ့တာလဲ။
ဖြေ ။ရွေးခဲ့တာက စိတ်ဝင်စားလို့ပါ။မော်ဒယ်က ကြည့်လိုက်ရင် အားလုံးထဲမှ ထင်းနေတာရယ်၊ ပိုပြီးဆွဲ ဆောင်မှုရှိတယ်လို့ ညီမစိတ်ထဲထင်တယ်။သူများနဲ့ မတူဘဲ တစ်မှုကွဲနေတယ်။ညီမရဲ့ စိတ်ခံစားချက်တွေကို အဲ့မှာတင်လိုက်ရင် ပေါ့သွားတယ်လို့ထင်တယ်။
မေး ။ဒါဆို ညီမအနေနဲ့ ပန်းချီကို ဘယ်အသက်အရွယ်ကတည်းက စိတ်ဝင်စားခဲ့တာလဲ။ ပန်းချီအပေါ် ခံယူချက်ဘယ်လိုထားလဲ။ မိဘတွေအနေနဲ့ ပံ့ပိုးမှုတွေကကော ညီမအတွက် ဘယ်လိုရရှိခဲ့လဲ။
ဖြေ ။ညီမက ငယ်ငယ်ကတည်းက ပန်းချီကိုစိတ်ဝင်စားခဲ့တာ။အမေက ၅နှစ်အရွယ်မှာ ရောင်စုံခဲတံ လေး တွေ ဝယ်ပေးတယ်လေ။နောက်လိုအပ်တာတွေ ဝယ်ပေးတယ်။ခု ထိပေါ့။ဆေးတွေ၊ ပိတ်စတွေ ဝယ်ပေးတယ်။ ပန်းချီနဲ့ ပတ်သက်တာ သင်ချင်တာတို့ လေ့လာချင်တာတို့ဆိုရင်လည်း ပံပိုးပေးကြတယ်။ပန်းချီဆွဲတဲ့အခါ သီးသန့်နေချင်ရင်လည်း ဖယ်ပေးကြတာမျိုးပေါ့။ခုလို အသက်(၁၂)နှစ်မှာ ပန်းချီပြခန်းပြနိုင်တာကလည်း မိဘ တွေရဲ့ ပံ့ပိုးပေးမှုကြောင့်လည်း ပါပါတယ်။ညီမဘယ်လောက်ပဲ ကြိုးစားကြိုးစား မိဘတွေရဲ့ အားပေးမှုမရှိရင် ကလေးတစ်ယောက်ရဲ့ အိမ်မက်တွေ ဖြစ်မလာနိုင်ပါဘူး။ဒါကြောင့် ကလေးတွေရဲ့ အိမ်မက်တွေကို မိဘတွေက မြင်တတ်ရင် အောင်မြင်နိုင်ပါတယ်။
ပြီးတော့ ပန်းချီဆိုတာ ညီမအတွက် စိတ်ထွက်ပေါက်တစ်ခုပါ။ကိုယ့်စိတ်ထဲက ခံစားချက်တွေ မွန်းကျပ်မှုတွေကို ပြေစေတယ်။စိတ်တွေလည်း တည်ငြိမ်စေတယ်။
မေး ။ခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ပေါ့ ပန်းချီပြပွဲလုပ်နိုင်ဖို့ ဘယ်တုန်းကတည်းက စိတ်ကူးရှိခဲ့တာလဲပေါ့။ ခုလို ကိုယ့်ထက် အတွေ့အကြုံများတဲ့ ဝါရင့်ပညာရှင်တွေကြားမှ ရပ်တည်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရ မယ် လို့ ထင်လဲပေါ့။ပြင်ဆင်ထားတဲ့ အပိုင်းလေးတွေပေါ့ ပြောပြပါလား။
ဖြေ ။ပြခန်းလေးပြဖြစ်ဖို့ စိတ်ကူးတာက ၂၀၁၆ခုနှစ်ကတည်းကပါ။ညီမပန်းချီဆွဲတာလည်း ငွေကြေးကြောင့် မဟုတ်ဘဲ ဝါသနာကြောင့်ပါ။ပညာရှင်တစ်ယောက် ဖြစ်ချင်တာပေါ့။ဒီပွဲလေးကလည်း ညီမဘဝရဲ့ ပထမဦးဆုံး အတွေ့အကြုံပေါ့လေ။ဒါကြောင့် စိန်ခေါ်မှုတွေကလည်း ရှိနေမှာပဲ လေ။ပန်းချီလောကမှာဆို ညီမက အရမ်းငယ် သေးသလို အတွေ့အကြုံက အရမ်းနုနယ်သေးတယ်လေ။ပညာရှင် အများစုကလည်း အမျိုးသားတွေများတယ် လေ။ညီမက မိန်းခလေးတစ်ယောက်လည်း ဖြစ်တယ် ပြောရရင် ခလေးပဲလေ။အများကြီး ကြိုးစားရအုံးမှာပါ။ ခု လို ပြပွဲလုပ်တော့ ဝေဖန်မှုတွေကော၊ ပညာတွေရမယ်လို့ ထင်ပါတယ်။ကလေးဆိုတော့ သူငယ်ချင်းအသိုင်း အဝိုင်းကော လူကြီးတွေဘက်ကကော အထင်သေးတာတွေ ရှိပါတယ်။ညီမအနေနဲ့ ဒါတွေကို ခေါင်းထဲမထည့် ပါဘူး။ကိုယ်ရှေ့ဆက်ရမယ့် လမ်းကြောင်းကိုပဲ ထည့်ထားပါတယ်။
မေး ။ဒါဆို ညီမအနေနဲ့ ပြခန်းမှာ ပြထားတဲ့ ပန်းချီကားတွေကို စိတ်ဝင်စားလို့ ဝယ်မယ်ဆိုရင်ကော ရောင်း ဖို့ အစီအစဉ်ရှိလား။ရှိရင်လည်း ဈေးနှုန်းအကြမ်းဘယ်လောက်ထိ မှန်းထားလည်းပေါ့။
ဖြေ ။ညီမ ပန်းချီတွေကို ကြိုက်လို့ ဝယ်ချင်တယ်ဆိုရင် ရောင်းမှာပါ။ဈေးနှုန်းကတော့ size အလိုက်မတူဖူး ပေါ့။အကြမ်းပြောရရင် ၈သောင်းကနေ ၃သိန်းထိ ရောင်းမယ်မှန်းထားတယ်။
မေး ။ပန်းချီကားရောင်းချရတဲ့ ငွေတွေကိုကော ဘာလုပ်သွားဖို့အစီအစဉ်ရှိလဲပေါ့။
ဖြေ ။ရောင်းရရင်ပေါ့..အရင်ဆုံးတော့ အလှူတစ်ခုခုလုပ်မယ်။ပြီးရင် ဆေးဖိုး၊လိုအပ်တာ ဝယ်ဖို့နုတ်ပြီး အမေနဲ့အဖေကို ကန်တော့မှာပေါ့။
မေး ။ကျေးဇူးပါ ခုလိုဖြေပေးတာ။ ။
ကြယ်စင်လင်း(မြစ်မခ)

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …