Monday , September 25 2017
Home / FNews / ပြုစုပျိုးထောင်ခြင်း အနုပညာ

ပြုစုပျိုးထောင်ခြင်း အနုပညာ

=========================================
အပြစ်တင်မဲ့ အစား ၊ အားပေးကူညီလိုက်တာက ပိုအလုပ်ဖြစ်တယ်
===========================================
လူမှန်းသိတတ်စအရွယ်ကတည်းက ကျွန်မတို့ နားရည်ဝနေတဲ့စကားသံတွေကို ပြန်ကြားယောင်ကြည့်တဲ့အခါ အပြစ်တင်သံတွေပဲ အများဆုံး ကြားနေရတယ်။

မိဘက သားသမီးကို အပြစ်တင်တယ်၊ အကိုက နှမနဲ့ညီတွေကို အပြစ်တင်တယ်။ ဆရာ ဆရာမတွေကို ကျောင်းအုပ်ကြီးက အပြစ်တင်တယ်။ ဆရာ၊ဆရာမတွေက ကလေးတွေကို အပြစ်တင်တယ်။အဲလို ရိုးရာအတိုင်း အထက်ကနေ အောက်ကို အပြစ်တင်တာတွေလည်း ရှိသလို၊ အောက်က လူတွေကလည်း ကွယ်ရာမှာ အတင်းပြော အပြစ်တင်တာတွေရှိပါတယ်။

ကလေးတွေရဲ့ပတ်ဝန်းကျင်မှာ အပြစ်တင်သံတွေ တညံညံနဲ့ ကြီးပြင်းခဲ့ရတယ်။ အဲလို ကလေးတွေက စကားပြောတတ်တဲ့အရွယ်ကတည်းက ရိုးရာမပျက် သင်ယူခဲ့တဲ့အပြစ်တင်ခြင်းကိုပဲ သုံးပြန်ပါရော…။

“အမေက ကျနော့်ကို ကျူရှင်မှထား မပေးတာ၊ အဲဒါကြောင့်စားမေးပွဲကျတာပေါ့“ ဆိုတာမျိုး။“သမီးကို အရုပ်ဝယ်ပေးပါဆို ၀ယ်မှ ၀ယ်မပေးတာ၊ အဲဒါကြောင့်သူများအရုပ် ယူတာပေါ့”ဆိုတာမျိုးတွေနဲ့ မိဘကို အပြစ်တင်ခြင်းနဲ့ စတင်ကြပါတယ်။

အဲလိုပဲ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တတ်တဲ့ရိုးရာနဲ့ကျွန်မတို့ကြီးပြင်းလာခဲ့တယ်။ ကျွန်မတို့ကလည်း အခြားသူတွေရဲ့အပြစ်တင်ခြင်းကို လည်း အကြိမ်ပေါင်းများစွာ ခံယူခဲ့ကြတယ်။
အဲဒီတော့ ကျွန်မတို့ရဲ့အပြစ်တင်ခြင်း သံသရာဟာ လည်နေခဲ့တယ်။

အဲဒီလိုနဲ့ကျွန်မဟာလည်း အပြစ်တင်တတ်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။
တစ်ရက်တော့ ကျွန်မရဲ့မကောင်းတဲ့အကျင့်ဆိုးကို ပြောင်းလဲပစ်ဖို့ဆုံးဖြတ်မိတဲ့နေ့ကို ရောက်လာတော့တယ်။

အဲဒီတုန်းက သား ၉ တန်းလား၊ ၁၀ တန်းလားမသိဘူး၊ သူ့အပေါင်းအသင်းတစ်ယောက်နဲ့ကျောင်းမှာ ရန်ဖြစ်လို့ ရုံးခန်းကို လိုက်ရတဲ့နေ့ပါ။
အဲလို သိလိုက်ရတော့ကျွန်မအနေနဲ့ အံ့အာသင့်ရသလို၊ သားကို စိတ်ပျက်လက်ပျက်နဲ့ အပြစ်တင်မိတယ်။သားကို ခုလို ဆက်ဆံလုပ်ဆောင်ရပေမဲ့ ကျွန်မစိတ်ထဲမှာ ဒေါသရော၊မောဟပါပူးကပ်နေပြီး ပင်ပန်းဆင်းရဲခြင်းကို ခံစားရပါတယ်။

ညဘက် အိပ်ခါနီး အေးအေးဆေးဆေးဖြစ်တဲ့အချိန်မှာ စဉ်းစားမိပါတယ်။ ကျွန်မက ခုလို ပြစ်တင်ကြိမ်းမောင်းတဲ့အတွက် သားက ပြင်မှာလည်း။အချို့ဆိုရင်တော့အရွဲ့တိုက်တဲ့စိတ်နဲ့ပိုတောင် ဆိုးသွားတတ်တယ်လို့တွေးပြီး ပူလောင်လိုက်တာ အိပ်တောင်မပျော်တော့ဘူး။ သားသမီးကြောင့်ပူရတဲ့အပူဟာ…ငရဲပါပဲ။

ဘယ်နှဲ့လုပ်ရမလဲ လို့စဉ်းစားရင်းနဲ့ သားနေရာကို ၀င်ပြီး ခံစားကြည့်မိတယ်။ စဉ်းစားကြည့်မိတယ်။နောက်တော့ အမှားတစ်ခုအတွက် ပြစ်တင်မှုတွေ၊အတ္တမကင်းတဲ့ ဆိုဆုံးမမှုတွေက ပို်ကောင်းအောင် မလုပ်နိုင်ဘူး ဆိုတာကို ဟုတ်နေမလား။

နောက်တော့အိပ်မပျော်တဲ့အတူ နည်းလမ်းကောင်းများ ရနိုင်မလားလို့ ထိုင်ပြီး စဉ်းစားနေမိတယ်။ နောက်ဆုံး ကျွန်မအနေနဲ့ကျွန်မက စပြီး ပြောင်းကြည့်မယ်လို့စဉ်းစားမိတယ်။ အရင်ဆုံး သားတို့သမီးတို့တစ်ခုခုများ မဟုတ်တာဖြစ်ဖြစ် လုပ်မိခဲ့ရင် သူတို့ကို ပြစ်တင်ပြီး ဆူပူတာတွေ မလုပ်တော့ဘူး၊ အခြားနည်းလမ်းတစ်ခုကို ပြောင်းမယ်လို့ စဉ်းစားမိပါတယ်။

အဲလိုနဲ့ နောက်ရက်မှာတော့
ပထမ ရက်တော့ ထုံးစံအတိုင်း သားကို နည်းနည်း အပြစ်စကားဆိုမိတယ်၊ ပြီးတော့ ကျောင်းတက်ခါနီး အိပ်ရာထပျင်းလို့ မနက်စာ ကောင်းကောင်းမစားတဲ့ သမီးငယ်ကို အပြစ်တင်မိတယ်။ ခဏကြာတော့မှ အော် ငါ အပြစ်တင်တတ်တာကို ရပ်မယ်လို့ဆုံးဖြတ်ထားတာပဲလို့သတိဝင်တယ်။ အဲဒါနဲ့ သားကို ပြောမိတယ်။ သားရေ…ဆော်ရီးပါ အမေက သားကို အပြစ်တင်လိုက်မိတယ်၊ အမှန်တော့ သေသေချာချာ ရှင်းပြလိုက်ရမှာ ဆိုတာမျိုးနဲ့… စတင်ဖြစ်ပါတယ်။

အဲလိုပဲ သမီးငယ်ကိုလည်း သမီးငယ်ရဲ့လက်ကလေးကို ကိုင်ပြီး နိုးတဲ့အချိန်မှာ သမီးက မထဖူးဆိုရင်၊ မနက်စာ စားချိန်နည်းသွားတယ်။ မနက်စာ မစားဘဲနဲ့ကျောင်းကို သွားတဲ့အခါ အစာမရှိတဲ့အတွက်ကျောင်းကားပေါ်မှာ မူးတာတွေဖြစ်တတ်တယ်.. ဆိုပြီ စိတ်ရှည်လက်ရှည်နဲ့ သေချာ ရှင်းပြမိတယ်။

အဲဒီလိုနဲ့အဲဒီနေ့ကစပြီး ကျွန်မရဲ့ မကောင်းတဲ့ အကျင့်ဖြစ်တဲ့အပြစ်မြင်တာ၊ အပြစ်တင်တာ ပြစ်တင်ပြောဆိုတာတွေကို မလုပ်တော့ဘဲနဲ့ရပ်ပစ်လိုက်တယ်။မိသားစုတွင်းမှာ အပြစ်တင်တာထက်၊ ဆွေးနွေးတာ၊ အကြံပြုပေးတာ၊ အားပေးတာတွေပဲ လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး အဲဒီနေ့ကစပြီး လုပ် သွားဖြစ်ပါတယ်။

ကလေးတွေကို ဆူပူကြိမ်းမောင်းတာ၊ ပြစ်တင်ပြောဆိုတာထက် မိဘကစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးတာ အကောင်းဆုံး သင်ကြားပေးခြင်းဆိုတာကို ကျွန်မ နားလည်စ ပြုလာတယ်။

သားတို့သမီးတို့ဟာ အပြစ်တင်ပြီး ဆူပူတုန်းကထက်ပိုပြီး ကောင်းအောင် လုပ်လာနိုင်တာလည်း တွေ့ရတယ်။ ကျွန်မအနေနဲ့အပြစ်တင်တာထက် အားပေးတာက ပိုပြီးကောင်းမွန်တဲ့ရလဒ်ကို ဖြစ်စေတယ်ဆိုတာကို နားလည် လက်ခံသွားမိတယ်။

နောက် လုပ်ငန်းခွင်မှာလည်း ဒီအတိုင်းပါပဲ။ အချို့လုပ်ဖော်ကိုင်ဘက်တွေက အဆင်မပြေမှုတွေကို ဖြစ်စေလေ့ရှိတယ်။ သူတို့ရဲ့ပြဿာကိုတွေ့တွေ့ခြင်းတော့ကိုယ်က ဒေါသထွက်ပြီး ပြစ်တင်ကြိမ်းမောင်းလိုက်ချင်စိတ် ဖြစ်တာပါပဲ၊ ဒါကို ထိမ်းမယ် လို့ဆုံးဖြတ်ပြီး တာနဲ့ သူတို့ကို လက်ညှိုးထိုးဖို့ မစဉ်းစားတော့ဘူး။ သူတို့ကို အပြစ်မတင်တော့ဘဲနဲ့ အခန်းထဲ ခေါ်ပြီး ကျွန်မနဲ့နှစ်ယောက်တည်း စကားပြော ဆွေးနွေးဖို့ပဲ ကြိုးစားပါတယ်။

တွေ အဲဒီလို နည်းလမ်းနဲ့အပြစ်တင်ခြင်းကို ရပ်ဆိုင်း ပြီး ဆွေးနွေးခြင်းနဲ့အားပေးခြင်း ဘက်ကို ပြောင်းကြည့်ပါတယ်။ ပထမတုန်းကတော့ ခက်ခဲတာပါပဲ။
ဒါပေမဲ့ အပြစ်မတင်လိုက်တဲ့အတွက် သူရော ကိုယ်ရော အေးချမ်းတယ်။ သူ့အနေနဲ့လည်း တုန့်ပြန်မှု ကောင်းမွန်တာ တေ့ရပါတယ်။

တစ်ခါ တစ်ခါမှာတော့စိတ်ဖိစီးလွန်းလို့ စိတ်တိုပြီး အပြစ်တင်မိ ပြောမိရင်လည်း သတိရတဲ့အခါ ပြန်တောင်းပန်တဲ့အလေ့အကျင့်ကိုလည်း မွေးမြူပါတယ်။

အလေ့အကျင့်ဆိုတာ ချက်ခြင်း ထလုပ်လို့မရပါဘူး၊ တစိုက်မက်မက်နဲ့လုပ်မှ အဲဒီ မကောင်းတဲ့ အကျင့်ဆိုးတွေပျောက်ပြီး အမှန်တကယ် ပြောင်းလဲနိုင်တာပါ။

အဲလိုနဲ့ အပြစ်တင်မဲ့အစား ဆွေးနွေးကြည့်တယ်၊ ပြီးတော့ အားပေးတယ်။ လိုအပ်တာရှိရင်လည်း ကူညီပေးပါတယ်။ ထူးချွန်တဲ့သူ ၊ သစ္စာရှိတဲ့သူတွေကိုတော့ အားပေးခြင်းအပြင် ချီးမြှင့်ခြင်းကိုပါ ဆောင်ရွက်မိတယ်။

တကယ်တော့ လူတွေကိုပြောင်းလဲ ပေးနို်င်တာက အပြစ်တင်ခြင်းမဟုတ်ပါဘူး၊ အားပေး၊ကူညီပေးခြင်းနဲ့ချီးမြှင့်ခြင်းကသာ ပြောင်းလဲနိုင်တာဆိုတာကိုတော့ ကျွန်မ လက်ခံသွားပါပြီရှင်။

အပြစ်မတင်ဘဲနဲ့ ဆွေးနွေးတာ၊ အားပေးတာတွေက ကိုယ့်ကိုယ်ကိုလည်း အေးချမ်းသွားစေသလို၊ သူ့ကိုလည်း အေးချမ်းစေတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အေးချမ်းစေပါတယ်ရှင်။

မတူတဲ့သဘောထားအမြင်များ ရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …