Monday , September 25 2017
Home / FNews / ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၆)

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၆)

သောကများကို လျော့ကျဖို့စေဖို့
————————————————-

ပူပင်သောကဆိုတာကတော့ ကျွန်မအတွက် ထိမ်းသိမ်းရ အခက်ခဲဆုံးလို့ ပဲ ဆိုရပါတော့မယ်။ ကျွန်မအနေနဲ့ လောဘနဲ့ဒေါသထက် မောဟလို့ ပြောနိုင်တဲ့ ပူပင်သောကတွေကို ပိုပြီး ထိန်းသိမ်းရခက်တယ်လို့ပဲ ဆိုချင်ပါတော့တယ်။

လောဘကိုတော့ အ လောဘဖြစ်အောင် အလေ့အကျင့်လေး တစ်ခုက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခံ ရှိနေခဲ့ပြီးသားဖြစ်တဲ့အတွက် ကျွန်မမှာ လောဘရဲ့နှိပ်စက်ခြင်းကို သိပ်မခံရတော့ပါဘူး။

တစ်ခါတစ်ရံမှာ အဆင်မပြေမှုလေးတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်ထဲမှာ တင်းကနဲဖြစ်သွားတာ၊ တစ်ယောက်ယောက်ရဲ့ လုပ်ရပ်ကြောင့် ဒေါသ စိတ်ဝင်လာတာကို တစ်ခဏအတွင်းမှာ သိလိုက်နိုင်တယ်။ သိသိချင်းမှာ ဒေါသနဲ့ မပေါက်ကွဲမိအောင် ထိမ်းသိမ်းလို့ရတယ်။

ဒါပေမဲ့… မောဟ စိတ်ကတော့ကျွန်မ ဆီကို တိတ်တဆိတ်လေး ၀င်ရောက်လာလေ့ရှိပါတယ်။

မိသားစုနဲ့ပတ်သက်ရင် သွေးအေးနေနိုင်သလောက် လုပ်ငန်းနဲ့ပတ်သတ်ရင်တော့ ပူလောင်ကြောင့်ကျမိပါတယ်။

လုပ်ငန်းခွင်မှာ မထင်မှတ်ထားတဲ့ ပြဿနာ တစ်ခုခုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပင်မိတာ မျိုး၊ အဖွဲ့အစည်းပေါ်မှာ ယုံကြည်မှု မရှိလို့မဟုတ်ပေမဲ့ အဆင်ပြေပါ့မလား ၊ ကျွန်မအနေနဲ့အောင်မြင်တဲ့အထိ ဖြစ်အောင်ဆောင်ရွက်မယ်လို့ စိတ်ဆုံးဖြတ်မ်ပေမဲ့အခြေအနေတစ်ခုခုကြောင့်ဆိုတဲ့ ပူပင်မိတာမျိုးလည်း မကြာခဏ ခံစားရတတ်ပါတယ်။ အဲဒီ သောကကတော့ကျွန်မ ရင်ထဲမှာ အကြီးဆုံးပါပဲ။

ကျွန်မလိုပဲ ပူပင်မှု၊စိုးရိမ်မှု၊ သောကတွေနဲ့ နေ့စဉ် ဖြတ်သန်းနေရတဲ့ သူတွေလည်း အများကြီး ရှိနိုင်ပတယ်။ဒါကို အသက်အရွယ်မရွေးခံစားကြ သိနားလည်ကြပါတယ်။

ချစ်သူ ရှိတဲ့မိန်းကလေးက သူ့ချစ်သူနဲ့ ဝေးကွာသွားမှာကို ကြိုတင်ပူပင်ပြီး စိုးရိမ်တဲ့စိတ်၊
စာမေးပွဲ မဖြေနို်င်ဘူး လို့ယူဆတဲ့ကျောင်းသားက စာမေးပွဲကျမှာကို စိုးရိမ်တဲ့စိတ်၊
သမီးရှိတဲ မိခင်က သူ့သမီးလေး မတော်တရော်ဖြစ်သွားမှာကို တွေးပြီး ပူပင်တဲ့ သောက၊
ခင်ပွန်းအပေါ်သံသယရှိတတ်တဲ့ဇနီးက ကိုယ့်ခင်ပွန်း ကိုယ့်ကို ပြစ်ပြီး နုတဲ့ငယ်တဲ့နောက်ကို ပါသွားမှာ စိုးရိမ်ကြောင့်ကျနေတဲ့စိတ်…။

ဒါတွေကို အကြမ်းအားဖြင့် ပူပင်သောကဖြစ်နေသော စိတ်၊ မောဟ လို့ယူဆကြပါတယ်။

မောဟ ၀င်ပြီဆိုတာကို အခြားလူတွေကတော့မသိဘူး၊ ကျွန်မကတော့သောက ရှိနေတာနဲ့တင် စိတ်ဖိစီးမှု ဖြစ်ရတယ်။ နည်းနည်းလေး ပိုပူမိရင် အသက်ရှုကျပ်တာ၊ သွေးပေါင်ကျတာတွေထိ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ကြည်လင်အောင် မနည်းပြန်တည်ဆောက်ရတဲ့ အချိန်ကာလလည်း ကြာမြင့်တတ်ပါတယ်။

ဒါကြောင့်အခြား ဒေါသတို့၊ လောဘ တို့ ထက် ဒီမောဟ ဆိုတာကို ကျွန်မက ပိုကြောက်မိပါတယ်။

အဲဒါကြောင့်ဒီမောဟကို အနိုင်ယူနို်င်တဲ့နည်းလမ်းကို အမြဲတမ်း ရှာဖွေနေခဲ့မိတယ်။
အရင်တုန်းကတော့မိတ်ဆွေတစ်ဦးက အကြံပေးတယ်။ တရားထိုင်ပါ၊ ၀ိပဿနာ လုပ်ပါတယ်။ ကျွန်မ ခပ်ဖွဖွပဲပြုံးမိတယ်။ သောက ရှိနေတဲ့သူအနေနဲ့ တရားထိုင်နေချိန်မှာ စိတ်တွေ ခဏတော့တည်ငြိမ်သွားတယ်။ တရားထိုင်ပြီးဆုံးချိန်မှာ ဒီသောကက ပြန်ရောက်လာတတ်တာပဲ။

ဒါကြောင့်ဒီသောက ရင်ထဲကနေ ထွက်သွားအောင် ဘယ်လို လုပ်နိုင်မလဲဆိုတာကို စဉ်းစားဆင်ခြင်ပါတယ်။ အဲဒါနဲ့လောလောဆယ်မှာ ကိုယ့်ရင်ထဲ သောက ရှိနေတဲ့ကိစ္စရပ်ကို သေချာမှတ်ထားမိတယ်။ ဘယ်လို ပူလောင်သလောက်၊ ဘယ်လောက် ပူလောင်သလဲပေါ့။နောက်အဲဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းပြီးချိန်မှာ စိတ်ထဲမှာ ဘယ်လိုနေသလဲ ဆိုတာကိုလည်း ပြန်သုံးသပ်တယ်။.

အဲဒီအချိန်မှာ ကျွန်မ သိလိုက်ပြီ။ သောကကို ဘယ်လို ထိန်းချုပ်နိုင်မလဲ ဆိုတာကို ကျွန်မ နားလည်သွားပြီ။ဆိုပါတော့ ကိုယ်ပူပင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဖြစ်အပျက်အမှန်ကို သိရပြီး ကိုယ်ထင်သလို မဟုတ်ပါလားလို့သိခိုက်မှာ စိတ်ထဲပူလောင်မှုတွေလျော့ကျပြီး အေးချမ်းသွားလေ့ရှိတယ် မဟုတ်လား။

နားလည်အောင် ရှင်းပြရရင်တော့စားမေးပွဲကျမှာကို စိုးရိမ်နေတဲ့ကလေးက စားမေးပွဲအောင်မယ်လို့သိရတာမျိုးမှာ သူ့ရင်ထဲက အလုံးကြီး ကျပြီး စိတ်ပြန်အေးသွားတယ်။

ခင်ပွန်းနဲ့ပတ်သက်ပြီး သံသယနဲ့ပူလောင်နေတဲ့ဇနီးသည်က ခင်ပွန်းရဲ့သစ္စာရှိမှုနဲ့ မိသားစုအပေါ် တန်ဖိုးထားမှုကို သိလိုက်ရတဲ့အခါမျိုး မှာ ရင်ထဲက သောကမြူမှုန်တွေကင်းစင်ပြိး အေးချမ်းသာယာသွားလေ့ရှိပါတယ်။

တကယ့်လို့များ ကိုယ့်ခင်ပွန်းက ကိုယ်ထင်ထားသလိုတကယ.်ဖောက်ပြန်နေတယ်ဆိုတာကို သိလိုက်ပြီး …ဒီအခြေအနေကို လက်ခံလိုက်ပြီး ကိုယ့်အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီးတဲ့ အချိန်မှာ ကိုယ့်ရင်ထဲမှာ ရှင်းသွားတယ်။

အဲဒီသဘောတရားအတိုင်းဆိုရင်တော့ ကျွန်မတို့ တွေးပူနေတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ မဖြစ်နိုင်ဘူး လို့ သိလိုက်တာမျိုးပဲဖြစ်ဖြစ်၊ အခြေအနေမှန်ကို လက်ခံလိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊
အမှားအမှန်ကို ခွဲခြားသိတဲ့အခါမှာပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ သောက နဲ့မောဟ ကင်းသွားတတ်ပါတယ်။

အဲဒါကြောင့်ဘာကြောင့်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲအကျိုးပေါ်ပါစေ…အမှားအမှန်ကို သိဖို့အရင်ကြိုးစားမိတယ်။ အမှားအမှန်ကို မသိခင်မှာ ပူပင်စိတ်မဖြစ်ပေါ်ဖို့နဲ့တစ်စုံတစ်ရာကို မဆုံးဖြတ်မိစေဖို့လည်း သတိနဲ့ဆင်ခြင်ရပါတယ်။

သတိနဲ့အသိမြဲဖို့အတွက်ကတော့ ၀ိပဿနာကတော့ အကောင်းဆုံးဆိုတာကို တရားထိုင်ရင်းနဲ့မှ သိလာရပါတယ်။ဝိပဿနာအားထုတ်ခြင်းကလည်းအမြင်မှန်ဖို့အသိမှန်ဖို့ အတွက် အ မောဟ ဖြစ်စေဖို့ပါ။

ကိုယ့်စိတ်ထဲမှာ သောကလေး ရောက်လာလေ၊ ဒါကို အမြင်မှန်နဲ့ကြည့်ဖို့အနတ္တတဲ့အမြင်နဲ့ကြည့်တဲ့အခါ ဖြစ်ပျက်သဘောနဲ့ဆင်ခြင်တဲ့အခါ ဒါကို အလေ့အကျင့်လို ဖြစ်သွားတဲ့အခါ ဘယ်လောက်ပဲဆိုးပါစေ ပြုံပြုံးလေးနဲ့ရင်ဆိုင်သွားနိုင်တယ် ။ ….လက်ခံနိုင်သွားတယ်။

ကိုယ်က ကောင်းတာလုပ်ပါလျက်နဲ့ဆိုးတာ ဖြစ်ခဲ့ရင်လည်း အကုသိုလ် မကုန်သေးဘူးလို့နားလည်လာရပြီး၊ အကုသိုလ် အသစ်မဖြစ်အောင် ထိမ်းဖို့ကိုယ့်ကိုယ်ကို ပဲ ထိမ်းသိမ်း အားထုတ်မိပါတယ်။ မလွယ်ပါဘူး။ ခက်ပါတယ်။ ဒါပေမဲ့အလေ့အကျင့်လေးဖြစ်အောင် နေ့စဉ်ကျင့်နေရင်တော့… တဖြည်းဖြည်းနဲ့လွယ်သွားတာပါပဲ။

ကျွန်မ ကြုံတွေ့နေရတဲ့ကိစ္စတွေနဲ့ ခက်ခဲဆင်းရဲမှုတွေမှာ
ဝဋ်ကြွေးဆိုရင်တောင်မှ ပေးဆပ်လိုက်စမ်းမယ်၊ အသစ် မဖြစ်ဖို့၊ အကုသိုလ်ဖြစ်အောင် တုန့်ပြန်မိဖို့လည်း ကိုယ့်ကိုယ်ကို ထိမ်းသိမ်း နိုင်သွားပါတယ်။

ဒါဟာ ချက်ခြင်း လုပ်လို့မရတဲ့စိတ်မျိုးပါ၊ အသိလေးတွေကို စုစည်းရင်းနဲ့ ကိုယ့်ရဲ့စိတ်ကလေးတွေကို တစ်ဆင့်ပြီး တစ်ဆင့် ထိမ်းသိမ်းရင်းနဲ့ အလေ့အကျင့်ရသွားတဲ့အခါ လွယ်သွားပါတယ်။

အဲလို လေ့လာရင်းနဲ့ဘာဝနာဆိုတာကို အ မောဟလို့သိ လာရတယ်။ဘာဝနာဆိုတာ လောကုတ္တရာထိအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို လက်ခံနားလည်လာမိတယ်။

ဒါန ပြုခြင်းနဲ့အ လောဘ ဖြစ်စေသလို၊ ဒေါသ အဒေါသ ဖြစ်ဖို့နဲ့အ မောဟ ဖြစ်စေဖို့အတွက်တော့ ကိုယ်ကျင့်တရားကောင်းဖို့၊ အကုသိုလ်ကင်းပြီး သီလလုံခြုံဖို့နဲ့ဝိပဿနာက အကောင်းဆုံး လေ့ကျင့်ခန်းပါပဲဆိုတာကို ပြန်လည် မျှဝေလိုက်ပါတယ်ရှင်။

အသက်ရှည်ပြီးကျန်းမာချင်တယ်ဆိုရင်တော့ဘာသာရေး ဘက်ကပဲကြည့်ကြည့်၊ ကျန်းမာရေး ရှု့ထောင့်ကပဲ ကြည်ကြည့် သီလလုံခြုံတယ်ဆိုရင်တော့ အသက်ရှည်ပြီး အနာရောဂါကင်းပါတယ်။ ပြီးတော့ သံသရာအတွက်ပါ ကောင်းမွန်ပါတယ်။

ကိုယ့်ဘ၀ကိုယတည်ဆောက်တဲ့နေရာမှာ အကုသိုလ် ကင်းပြီး ကောင်းမွန်သော ကိုယ်ကျင့်တရားနဲ့ကိုယ့်ဘ၀ကို အကောင်းဆုံး တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါနော်။

စာတွေရေးနို်င်ဖို့ ဆက်လက် ကြိုးစားပါဦးမယ်။ ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …