Sunday , September 24 2017
Home / FNews / ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၄)

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၄)

=====================
လောဘ သစ်တွေ တိုးမလာစေဖို့

==-==============

လောဘမရှိတဲ့သူဆိုတာကတော့လောကမှာ မရှိဘူးလို့တောင် ဆိုနိုင်တာပါပဲ။
လောဘမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး တိုးတက်ကြီးပွားပါ့မလဲ လို့တောင် စဉ်းစားတဲ့သူတွေရှိပါတယ်။ လောဘဆိုတာ တွန်းအားတစ်မျိုးလည်း ဖြစ်စေခဲ့တာကိုး။

ကျွန်မအနေနဲ့ ဆိုရင်လည်း ဆင်းရဲမှာကို ကြောက်တဲ့စိတ် အပြင်၊ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်နို်င်ဖို့ လုပ်ချင်တာတွေ လုပ်ရဖို့ဆိုတဲ့ဇောနဲ့လောဘနဲ့ အားထုတ်ကြိုးစားခဲ့တဲ့ အချိန်တွေကလည်း နည်းမှ မနည်းတာ။

ဒါကို လောဘနဲ့ကြိုးစားတာလားလို့ မေးရင်လည်း မငြင်းပါဘူး။ ကိုယ့်လောဘနဲ့ကိုယ် ကြိုးစားခဲ့တာတွေ၊ အားထုတ်ခဲ့တာတွေ၊ အားတင်းခဲ့တာတွေ အပြင်၊ လောဘ စိတ်နဲ့သည်းခံခဲ့တာတွေ နားထောင်ပေးခဲ့တာတွေ၊ နားလည်းပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ကောင်းကောင်းမွန်မွန်နေချင်၊ စားချင်တဲ့လောဘ စိတ်ကြောင့် လူတွေက ချမ်းသာဖို့ ကြိုးစားကြတယ်။တင့်တင့်တယ်တယ်နဲ့လူအများရဲ့ အားကျမှုကို လိုချင်လို့ ပညာတွေ တတ်သထက်ဖို့နဲ့ ရာထူးတိုးဖို့ ကြိုးစားအားထုတ်ကြတာလဲရှိတာပါပဲ။

လောဘစိတ်ရဲ့တွန်းအားကြောင့်လူတွေက ပိုကြိးစားပြီး ပိုအဆင့်မြင့်တဲ့ ဘ၀၊ ချမ်းသာတဲ့ဘ၀ကို ရောက်ကြတာ မဟုတ်ဘူးလား။

ကိုယ့်အကျိုးစီးပွားအတွက် လောဘက လူတိုင်းရှိတတ်တာကို လက်ခံလို့ရပေမဲ့ မတရားသဖြင့် စီးပွားရှာခြင်းလို့ဆိုရမဲ့ ၀ိသမလောဘကိုတော့ မနှစ်သက်ပါဘူး။ သူများရဲအသက်အိုးအိမ်၊ စည်းစိမ်ကို ဖျက်လိုဖျက်ဆီးလုပ်ပြီးမှ ရရှိသော ကိုယ့်အကျိုးစီးပွားကို မတော်လောဘလို့ကျွန်ကတော့သတ်မှတ်ထားပါတယ်။

ကျွန်မလည်း အခြားသူတွေလိုပဲ လောဘတွေ ရှိတယ်။ အဲဒီ ဖြစ်ချင်တယ်ဆိုတဲ့လောဘ စိတ်နဲ့ ကျွန်မ နေ့စဉ် ရှင်သန်နေခဲ့တာ။ ဒါပေမဲ့မတော်လောဘမဖြစ်အောင်တော့အမြဲတမ်း ထိမ်းသိမ်းခဲ့ပါတယ်။

ကျွန်မဟာ အခြားသူတွေ အိပ်ပျော်နေချိန်မှာ မအိပ်ဘဲနဲ့ အလုပ်တွေ ထိုင်လုပ်နေတာ၊အခြားသူတွေ အပန်းဖြေနေချိန်မှာ ကျွန်မဟာ နားချိန်မယူနိုင်လောက်အောင် အလုပ်စားပွဲကနေ ထိုင်ရာမထနိုင်တာ ဒါတွေဟာ ကျွန်မရဲ့လောဘကြောင့်သာ မဟုတ်ရင် ၊ ဘာအတွက်လဲ။

လုပ်နေတဲ့လုပ်ငန်း အောင်မြင်သထက်၊ အောင်မြင်ချင်တယ်၊ ၀င်ငွေတွေ နှစ်စဉ်တိုးချင်တယ်၊ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေကိုလည်း တစ်နှစ်ထက်တစ်နှစ်ပိုပိုပြီး အဆင်ပြေစေချင်တယ်၊ ၀င်ငွေတွေ တိုးပွားရရှိစေချင်တယ်။ အောင်မြင်မှုတွေလည်း နှစ်စဉ်နှစ်တိုင်း တိုးသထက် တိုးစေချင်တယ် အဲဒီစိတ်နဲ့ကြိုးစားဆောင်ရွက်တယ်။

အဲလို အလုပ်လုပ်နေပေမဲ့ကျွန်မ ပြည့်စုံနေသလား၊ အေးချမ်းနေသလား ဆိုတာကို ပြန်တွေးကြည့်ပါတယ်။.

မြစ်မခ စတင်ထူထောင်စဉ် ၂၀၀၈ ခုနှစ်တုန်းက မြစ်မခ ရှင်သန်ဖို့ တစ်လကို ငွေကျပ် ၂၅ သိန်း ဆိုရင် ရပြီ။ နောက် ၂၀၀၁၀ လောက်မှာ သိန်း ၄၅ သိန်းဆိုရင် အဆင်ပြေတယ်။

တစ်လကို ၄၅ သိန်းလောက်လည်း ၀င်ငွေရှိလာရော လုပ်ငန်းထပ်တိုးရင်းနဲ့ အလုပ်အတွက် တစ်လကို ၀င်ငွေ သိန်း ၁၀၀ လောက်ရှိရင် အဆင်ပြေမဲ့ အခြေအနေဖြစ်လာတယ်။

နောက် တစ်လ ၀င်ငွေ သိန်း ၂၀၀ ရှိမှ လောက်မဲ့ အခြေအနေရောက်လာပြီ၊ ခု သိန်း ၃၀၀ ရှိမှ အဆင်ပြေတော့မယ်။ နောက်ဆို တစ်လကို ငွေကျပ် သိန်း ၁ ထောင်ရှိမှ လုံလောက်တော့မှ…အဲလောက်ဝင်အောင် တိုးရှာပါ၊ အဲလောက်ဝင်ငွေရှိမှ ဆိုတဲ့…စိတ်။

ကိုယ့်မှာ လိုချင်မှုတွေ၊ ဖြစ်ချင်မှုတွေ၊ တပ်မက်မှု တွေ….လို့ ဆိုရမဲ့လောဘတွေက ကျွန်မကို တွန်းနေခဲ့တာ။ ကျွန်မတို့ရဲ့လိုအပ်ချက်နဲ့အသုံးစရိတ်တွေက ၀င်ငွေတွေတိုးလာတာနဲ့အမျှ သူတို့ကလည်း လိုက်တိုးလာတယ်၊ ပင်ပန်းဆင်းရဲမှုဆိုတာလည်း ပိုလာတယ်ဆိုတာကို သေချာမသိခဲ့ပါဘူး။

တစ်ဖက်ကလည်း ကုန်ကျငွေတွေ တိုးလာသလို၊ စိတ် ပင်းပန်းမှုနဲ့ဒုက္ခတွေလည်း တိုးလာခဲ့တယ်။ဘယ်မှာလဲ ကျွန်မ လိုချင်ခဲ့တဲ့ချမ်းသာခြင်း။

ကျွန်မမှာ လုပ်ငန်း ရှိတယ်။ လုပ်ဖော်ကိုင်ဘက်တွေ ၇၀ နီးပါး ရှိတယ်။ဝင်လာမဲ့ ပိုက်ဆံတွေကို မြင်နေရတယ်။ ဒါ… ကျွန်မ လိုချင်တဲ့ချမ်းသာခြင်းလား။ဒီနေရာမှာ ကျွန်မ ရပ်လိုက်ရတော့မလား၊ မဖြစ်နိုင်ပြန်ဘူး။ ရှိတဲ့နေတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ရောက်နေတဲ့ နေရာကနေ ပြုတ်ကျမသွားဖို့ ကျွန်မတို့ဆက်ကြိုးစားရပါတယ်။

တကယ့်ချမ်းသာခြင်းက ၀င်ငွေတိုးလာခြင်း မဟုတ်ဘူးဆိုတာကို ကျွန်မ
သတိပြုမိလိုက်တော့ကျွန်မရဲ့အသက် ၄၃ ထဲကို ရောက်နေခဲ့ပြီ။

မြတ်စွာဘုရားဟောတော်မူတဲ့အတိုင်းဆိုရင်တော့ချမ်းသာအောင် ကြိုးစားနည်းက ဒါန ပြုခြင်းပါ။ ဒါန ဆိုတာကလည်း တရားစကားနဲ့ ပြောရရင်တော့အ လောဘ ပါ။ အလောဘ ဆိုတာ ကိုယ့်ရဲ့ လောဘကို ပါယ်ခြင်း သတ်ခြင်းလို့ အဓိပ္ဗါယ်ရပါတယ်။

ကျွန်မအနေနဲ့ကိုယ်က ချမ်းသာချင်တဲ့စိတ်၊ ဒီဘ၀မှာ ဒီအလှူက အကျိုးပေးပါစေ၊ နောင်ဘ၀မှာ ဒီအလှူ ဒါနပြုခြင်းက အကျိုးပေးပြီး ချမ်းသာပါစေ…ဆိုတဲ့စိတ်မှာ လောဘတွေရှိနေပါလားလို့…တွေးလာမိတယ်။

ချမ်းသာချင်လို့၊ ငွေများများ ရပါစေဆိုတဲ့စိတ်နဲ့ ဒါန ပြုလိုက်တော့ဒါဟာ အ လောဘ မြောက်ရဲ့လား လို့ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်မိပါတယ်။ လောကမှာ မစင်ကြယ်တဲ့ဒါနကို ကျွန်မတို့ ပြုမိခဲ့ပြီလား…ဆိုတဲ့အတွေးကလည်း ခေါင်းထဲမှာ။

တစ်ချိန်တည်းမှာပဲစဉ်းစားမိလာတာကတော့
လိုချင်တပ်မက်မှုကို ဖြတ်နိုင်ခြင်း၊ ကိုယ့်မှာ ရှိသောပိုက်ဆံ၊ အခြားအရာဝတ္ထုတစ်ခုခုတို့ကိုေ ပးကမ်းလိုက်ခြင်းကလည်း ကိုယ့်ရဲ့လိုတပ်မက်မှုကို ဖြတ်လိုက်တာဖြစ်တဲ့အတွက် လောဘကို သတ်လိုက်တာပါလားလို့နားလည်လာမိတယ်။

အ လောဘ မရှိဘဲနဲ့ကျွန်မရဲ့လောဘကို သတ်လို့မရပါလားလို့လည်း နားလည်လာပါတယ်။

ဒါ့အပြင် ငါ့ဆီကနေ ပေးလို်က်တဲ့ အတွက် သူအဆင်ပြေသွားတယ်ဆိုတာကို ကြားရ၊မြင်ရ၊ သိရတော့ကျေနပ်ခြင်း ပီတိကို ခံစားရတယ်။ ပေးကမ်းခြင်းနဲ့စွန့်လွှတ်ခြင်းကြောင့်ရရှိတဲ့ပီတိဟာ အင်မတန်ချိုမြိန်ပါတယ်. ဒီပီတိဆိုတာကို တပ်မက်သွားရင် နောက်ထပ် လောဘအသစ်တစ်ခုများ
ထပ်မံပေါ်ပေါက်နိုင်သေးသလား။

ကျွန်မတို့ဟာ တစ်စုံတစ်ရာသော အကျိုးတရားကို တစ်ခုခုကို တောင့်တပြီး ဆောင်ရွက်မိရင် ဒါဟာ လောဘကို သတ်ရာမရောက်ဘဲနဲ့ နောက်ထပ် လောဘ အသစ်တစ်ခုကို ဖြစ်စေတယ်။

ဥစ္စာပစ္စည်းကို လိုချင်တပ်မက်ခြင်းဆိုတဲ့လောဘကို ပယ်သတ်နိုင်ပေမဲ့ အလှူဒါနကြောင်ရရှိတဲ့ပီတိနဲ့ အခြားဂုဏ်တစ်ခုခုကို တပ်မက်တောင့်တမိတယ် ဆိုရင်လည်း ဒါဟာ နောက် လောဘတစ်မျိုး တိုးပွားလာတာပဲရှိတယ်လို့လည်း စဉ်းစားမိပါသေးတယ်။

ဘုရား…ဘုရား။ စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံလိုတယ်ဆိုရင်တော့ လောဘ အသစ်၊ တောင့်တမှု အသစ်တွေ တိုးပွားလာအောင် မလုပ်မိဖို့ကိုယ့်ကိုယ်ကို ထိန်းကျောင်းရတော့မယ်။

လောဘသေခြင်းကို နိဗ္ဗာန်လို့လက်ခံမယ်ဆိုရင် တော့ လှူဒါန်းခြင်းမှာ
တောင့်တမှုကင်းဝေးနိုင်ဖို့နဲ့တက်မက်ခြင်း ကင်းနိုင်ဖို့ ကျွန်မတော့ ကြိုးစားရတော့မယ်။

အဲဒီအသိလေးကို ဝေမျှချင်တယ်ရှင်။ ကျွန်မလို အမြင်ရှိတဲ့သူတွေရှိနိုင်သလို၊ ဆန့်ကျင်ဘက် မတူကွဲပြားတဲ့အမြင်တွေလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့ဆွေးနွေးကြတာပေါ့။

ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …