Monday , May 29 2017
Home / FNews / ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၃)

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၃)

=======================

ဒေါသစိတ်ကို ထိန်းသိမ်းခြင်း

ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ ရန်ဖြစ်ပြီး နပန်းလုံးကြတဲ့အမျိုးသမီးတွေကို ကြည့်ပြီး အံ့သြနေခဲ့ဖူးတယ်။ ဘယ်လောက် လှတဲ့ မိန်းမဖြစ်ပါစေ၊ ရန်ဖြစ်ပြီး နဘန်းလုံးပြီဆိုကတည်းက  ပုံပျက်ပန်းပျက်နဲ့ ရုပ်ဆိုးတော့တာပါပဲ။

အလှကြိုက်တဲ့ကျွန်မ အဲလို ရုပ်ဆိုးပန်းဆိုး ဘယ်တော့မှ မဖြစ်စေရဘူး၊ ကိုယ့်ဒေါသကြောင့် ကိုယ့်ကိုယ်ကို ရုပ်ဆိုးပြီး အကျည်းတန်မှုမျိုး မဖြစ်စေရဘူးဆိုပြီးတော့ စဉ်းစားခဲ့ဖူးတယ်။

အဲဒါကြောင့်လူအများရှေ့မှာ ဒေါသမထွက်မိအောင် အမြဲထိမ်းတယ်။ ပြီးတော့ ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ စိတ်တိုပါစေ ကျွန်မကို ဒေါသနဲ့ရုပ်ဆိုးပမ်းဆိုးအခြေအနေတစ်ခု မဖြစ်အောင် ထိမ်းပါတယ်။

တစ်ခါတစ်ရံမှာတော့အဲလို ထိမ်းလို့မရလောက်အောင် ဒေါသတွေထွက်ပြီး ပေါက်ကွဲပြီး အော်လို်က်မိတာတွေ…လည်း ရှိခဲ့ပါတယ်။

အဲလိုပေါက်ကွဲလိုက်တဲ့အခါတိုင်း ပြီးရင် နောင်တရပြီး ရှက်တဲ့ဒဏ်ကလည်း အတော်လေး ဆိုးတယ်။ ဒါကြောင့်ဒေါသစိတ်နဲ့ မပြောမိအောင်၊ ဒေါသစိတ်နဲ့ မတုန့်ပြန်မိအောင် ထိန်းရမယ်လို့နားလည်လာခဲ့ပြန်တယ်။

တစ်ခါတစ်ရံမှာတော့တစ်စုံတစ်ယောက်ရဲ့ အပြောနဲ့လုပ်ရပ်ကြောင့် စိတ်ထဲထောင်းခနဲ ဒေါသစိတ်က ၀ုန်းကနဲဖြစ်ရပြန်တယ်။ ဒါပေမဲ့ ချက်ခြင်းပဲ အသိက မတုန့်ပြန်နဲ့၊ တုန့်ပြန်လိုက်တာနဲ့ နင်ရှက်ပြီး နောင်တရနေဦးမှာဆိုတဲ့အသိကလည်း ဦးနှော်ကထဲကို ရောက်ပြီး အသိစိတ်ကစိတ်တိုလွန်းလို့တစ်ခုခု ပြန်ပြောမိမှာ စိုးလို့အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့နာနာဖိကိုက်ရင်း ကိုယ့်ဒေါသနဲ့မပြောမိအောင် ထိမ်းခဲ့ရတာတွေလည်း ရှိတယ်။

အဲလို ဒေါသနဲ့တုန့်ပြန်လိုက်ချင်ပေမဲ့  ထိမ်းထားတဲ့အတွက် တစ်ခုခုပြန်မတုန့်ပြန်လိုက်ရလို့ ပြဿနာက ကြီးထွားမသွားခဲ့ပမဲ့၊ ဒေါသနဲ့ မတုန့်ပြန်မိအောင် ထိမ်းလိုက်တဲ့အတွက် ရင်ထဲမွန်းကြပ်ပြီး ဒေါသ စိတ်ကတော့ လျော့ပြေ့မသွားခဲ့ပါဘူး။

စိတ်ထဲတင်းကြပ်နားကျင်လွန်းလို့အခန်းတံခါးပိတ်ပြီး ဘယ်သူမှ မမြင်အောင် ငိုရှိုက်ရုံအပြင် အခြားနည်းလမ်းလည်း ရှာမတွေ့ခဲ့တာ ဒီကနေ့ထိပါပဲ။

တစ်ရက်တော့ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပြန်တယ်။ ကျွန်မဟာ တကယ်တော့  ရှေ့ကာလတွေမှာ ဒေါသစိတ်ကို ထိမ်းတာ မဟုတ်ဘူး။ ကျွန်မက ဒေါသစိတ်ကြောင့်မတုန့်ပြန်မိအောင် ထိမ်းတာပဲရှိတယ်လို့နားလည်လိုက်တယ်။

အဲလိုတွေ ဒေါသနဲ့ မတုန့်ပြန်မိအောင် ထိမ်းသိမ်းလိုက်တဲ့ အတွက် ပိုဆိုးမသွားတဲ့အခြေအနေတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ရင်ထဲမှာ တင်းကြပ်ပြီး ကျန်ရစ်ခဲ့တဲ့ဒေါသ စိတ်နဲ့အမုန်းစိတ်ကတော့ ပြေလျော့မသွားခဲ့ပါဘူး။

ပြန်စဉ်းစားကြည့်ရင်တော့….တကယ်တော့ကျွန်မသာ ဒေါသစိတ်ကို ထိမ်းသိမ်းနိုင်လို်ကတာဆိုရင် ဒေါသဖြစ်တာလည်း မရှိဘူး၊ ရင်ထဲ တင်းကြပ်ပြီး နာကျင်တာလည်း မရှိဘူး၊ ပြောရက်လေ၊ လုပ်ရက်လေးခြင်းဆိုတဲ့နာကြည်းစိတ်လည်း မရှိဘူး ဆိုတာကို တွေးမိလာတယ်။

ဒါဆိုရင် ဒေါသစိတ်ကို ဘယ်လို ထိန်းမလဲ။ ဒါက စဉ်းစားစရာဖြစ်လာတယ်။

မလွယ်ပါဘူး။ စိတ်မတိုအောင် ဒေါသမထွက်အောင် ထိမ်းဖို့ ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ကိုယ်က ပြဿာနာ လုပ်တာမဟုတ်ပေမဲ့၊ အခြားသူကြောင့် ပြဿာနာဖြစ်ရရင်လည်း ကိုယ်က ဒေါသ ထွက်တာပဲ။

ကိုယ်က နားလည်အောင် ပြေလည်အောင် ရှင်းလင်းပြောဆိုပါလျက်နဲ့ တစ်ဖက်က ရိုင်းစိုင်းကြမ်းတမ်းစွာ တုန့်ပြန်လာရင်လည်း စိတ်ထဲ ထောင်းခနဲ့ဒေါသ ဖြစ်ရတာပါပဲ။

ကျွန်မအနေနဲ့ဒေါသနဲ့မတုန့်ပြန်မိအောင်တော့ ထိမ်းသိမ်းတဲ့ အလေ့အကျင့်က ရှိခဲ့ပါပြီ၊ ဒါကိုလည်း ဆက်ပြီး လေ့ကျင့်စောင့်ထိန်းသွားရဦးမှာပါပဲ။

အရေးကြီးတာက ဒေါသစိတ်ဆိုတာကို မဖြစ်စေချင်တာ၊ ဒါမှကျွန်မ စိတ်ထဲ အေးချမ်းရမှာလို့ နားလ ည်လာတော့ဒေါသစိတ် မဖြစ်အောင် ဘယ်လို ထိမ်းရမလဲ၊ဒေါသစိတ် မပေါ်လာအောင် ဘယ်လို လုပ်ရမလဲ၊ ဒေါသစိတ် ပေါ်လာရင်လည်း ခဏလေးနဲ့ ပျောက်ငြိမ်းသွားအောင်ဘယ်လိုလုပ်ရမလဲ။

အဲဒါကို စဉ်းစားပါတယ်။ ပထမတစ်ချက်ကတော့ တစ်ယောက်ယောက်ကြောင့်ဖြစ်ရတဲ့ဒေါသ ဆိုတာက သူ့အပေါ်ကို ကိုယ်ချင်းမစာနာလို့ဖြစ်ရတာလို့နားလည်လာတယ်။

ဥပမာ ဆိုပါတော့ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက် လုံးလုံးက ကျွန်မအနေနဲ့ဒီနေ့တွေ့ဆုံမှုတစ်ခုကို  နောက်အဆင်ပြေမဲ့ရက်ကို ရွေ့ဆိုင်းပေးဖို့ကျွန်မက မှာကြားလိုက်တယ်။ သူကလည်း ဟုတ်ကဲ့ အစ်မ ဆိုပြီး တာဝန်ယူလိုက်တယ်။

ဒါပေမဲ့ တွေ့ဆုံဖို့ ချိန်းဆိုတဲ့အချိန်ရောက်တဲ့အခါ ဟိုဘယ်ကနေ ဖုန်းဆက်ပြီး တွေ့ဖို့အဆင်သင့်ဖြစ်နေတဲ့ အကြောင်း ပြောတယ်။ အဲဒီအခါမှာ ကျွန်မက လုံးလုံးကနေတဆင့်တွေ့ဆုံမှုကို ရွှေ့ဆိုင်းပေးဖို့ပြောဆိုထားပါတယ်လို့ဆိုပေမဲ့လုံးလုံးဆီက မက်ဆေ့ မရပါဘူးလို့ပြောလာတဲ့အခါ ကျွန်မစိတ်ထဲ ဒေါသ ဖြစ်သွားတာက လုံးလုံးကိုပါ။

တစ်ဖက်က သူကိုတော့ တောင်းပန်ပြီး ချိုမြစွာ စကားပြောနေပေမဲ့ ကျွန်မစိတ်ထဲ လုံးလုံးက ဘာကြောင့် မပြောရသလဲ၊ ခုတော့ကျွန်မအနေနဲ့ မျက်နှာပျက်ရပြီဆိုပြီး စိတ်တိုပြိးဒေါသ ထွက်မိတာပါ။

အဲဒါကို တကယ်လို့များ လုံးလုံးက ပြောတဲ့သူက သူတို့အရာရှိကို ပြန်မပြော တာရော ဖြစ်နိုင်တာပဲ ဆိုတဲ့အတွေးကိုသာ ချက်ခြင်းတွေးလိုက်မိရင် လုံးလုံးအပေါ်မှာ ဒေါသစိတ် မရှိနိုင်တော့ပါဘူး။

နောက်တစ်ချက်ကတော့ကိုယ့်လုပ်ရပ်ကြောင့် မဟုတ်တဲ့ပြဿနာတစ်ခုခုကို ကိုယ်က ရှင်းရတဲ့အခါ ဒေါသစိတ်နဲ့ ဖြေရှင်းကြတာမျိုး ရှိပါတယ်။ အဲဒီမှာ ဘာကြောင့် ဒေါသထွက်ရသလဲ ဆိုတာကို ဆန်းစစ်ကြည့်တော့ ငါ့ကြောင့် မဟုတ်ဘူးဆိုတဲ့ အတ္တ အစွဲရှိနေလို့လို့မြင်မိတယ်။

ပြဿာနာဆိုတာ ဖြစ်ချင်ရင်ဖြစ်တယ်။ ပျက်ချင်တဲ့အခါလည်း သူ့ဟာသူ ပျက်သွားတတ်တယ်ဆိုတဲ့ နိယာမနဲ့ သဘောတရားကို  လက်ခံလိုက်ရင် ဒေါသစိတ်ပေါ်လာမှာ မဟုတ်ဘူးလို့နားလည်သွားတယ်။

ကျွန်မအနေနဲ့ဒေါသစိတ် မပေါ်ဖို့အတွက်ကတော့ (၁)ကိုယ်ချင်းစာနာစိတ် ထားပေးရမယ်၊(၂) ဖြစ်ခြင်းပျက်ခြင်းစတဲ့သဘာဝနိယာမကို လက်ခံရမယ်။(၃) လူတိုင်းအပေါ် မေတ္တာထားနိုင်ရမယ်…. နောက်ဆုံး ရန်သူအပေါ်ကိုတောင်မှ မေတ္တာထားနိုင်မယ်ဆိုရင်  ဒေါသစိတ်ဆိုတာလည်း မပေါ်နိုင်တော့ဘူး၊ ပေါ်လာရင်လည်း အသိနဲ့ ချက်ခြင်း ချေဖျက်လို့ရနိုင်သွားမယ် လို့နားလည်လိုက်ပါတယ်ရှင်။

အဲဒီအသိလေးကို မျှဝေပါတယ်နော်။ ကျွန်မတို့ရဲ့နေ့စဉ် ရှင်သန်ရတဲ့ ဘ၀မှာ ဒေါသစိတ်တွေနဲ့ရှင်သန်နေရတာ အင်မတန်မှ ပူလောင်လှပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကယ်တင်ဖို့အတွက် ဒေါသစိတ် မပေါ်အောင် နဲ့ပေါ်လာတဲ့ဒေါသစိတ်ကို သိပြိး ဒေါသစိတ် ကို ဖြေလျော့ဖို့၊ တကယ်လို့များ မဖြေလျော့နိုင်ဘူး ဆိုရင်တောင်မှ ဒေါသစိတ်နဲ့ မတုန့်ပြန်မိဖို့ လိုအပ်တယ်လို့နားလည်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …