Sunday , May 28 2017
Home / FNews / ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးဖွင့်လှစ်

မောင်မောင်ငြိမ်း (မြစ်မခ)

ဘားအံ၊ စက်တင်ဘာ(၂၇)ရက်။

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးကို ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ရတနာ လမ်း၊ အမှတ်(၂၅၈)တွင် စက်တင်ဘာ(၂၇)ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ရုံးဖွင့်လှစ်ခြင်းကို ၈၈ ကရင်ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား ဥက္ကဌ ဒေါ်နော်အုန်းလှတို့က ဦးဆောင်ဖွင့်လှစ်ခဲ့ရာ လူဦးရေ (၇၀)ကျော်တက် ရောက်ခဲ့ကြောင်း သိရသည်။

“တောင်သူလယ်သမားတွေက နေရာတိုင်းမှာ အခွင့်အရေးဆုံးရှုံးနေတယ်။ တစ်နိုင်ငံလုံးမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာကလည်း ကျယ်ကျယ်လောင်လောင်တစ်မျိုး၊ တိုးတိုးတိတ်တိတ် တစ်မျိုးအများကြီးပဲ၊ ဒီကိစ္စတွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ၊ ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတာကို သက်ဆိုင်တဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဒီရုံး(၂)ရုံးကို ဖွင့်ခဲ့တာပါ။”ဟု  ၈၈ ကရင်ကျောင်းသား အစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးက ပြောသည်။

တောင်သူလယ်သမားများအား ကာကွယ်နိုင်ရေးအတွက် တောင်သူလယ်သမား ဥပဒေကို ယခုထက်ပိုမို ကောင်းမွန်စွာပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။

“ခေတ်အဆက်ဆက်မှာ တောင်သူလယ်သမားဆိုတာက သူများပြောတာ တစ်သက်လုံး နားထောင်ခဲ့ကြရတာ။ ကျွန်မက လယ်လုပ်တဲ့သူဖြစ်လို့ ပြောနိုင်တာ။ အခုတောင်သူလယ်သမား သမဂ္ဂတွေဖွဲ့ရတာကလည်း ကျွန်မ တို့ တောင်သူလယ်သမားတွေကိုယ်တိုင် ဖြစ်ချင်တဲ့ပုံစံ ဥပမာ တောင်သူလယ်သမားတွေကို ကာကွယ် ပေးတဲ့ဥပဒေ လိုပါတယ်။ တောင်သူလယ်သမားတွေအတွက် ဥပဒေကိုကောင်းအောင်ပြင်ဆင် ပေးဖို့ဆိုတာ တောင်သူလယ်သမား သမဂ္ဂရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။” ဟု ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ဒေါ်နော်အုန်းလှက ပြောသည်။

ကရင်ပြည်နယ်အတွင်း ဒေသခံလယ်သမားများတွင် လယ်ယာမြေသိမ်းဆည်းခံရမှုများ ကြုံတွေ့ရာတွင် စုပေါင်းကူညီဖြေရှင်းနိုင်ရေး၊ လယ်ယာမြေနှင့်ပတ်သက်သည့် ဗဟုသုတနှင့် အသိပညာများရရှိရေး ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း လိုအပ်နေကြောင်း ဒေသခံတောင်သူများထံမှသိရသည်။

“တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ အသိပညာနှင့် ဗဟုသုတတွေရဖို့ ဒီမှာလာရောက်နားထောင် တာပါ။ ရွာမှာ လယ်ယာမြေ ပြဿနာတွေ အငြင်းပွားတာတွေ၊ အသိမ်းခံရတာတွေ၊ ရွာတိုင်းမှာ အများကြီး ရှိတယ်။ ဖြစ်လာရင် သူဖြစ်သူခံလုပ်လို့မဖြစ်တော့ဘူး။ လယ်သမားချင်းစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပြီး လုပ်မှရမှာ ဒီတောင်သူလယ်သမားသမဂ္ဂ ရှိနေပြီဆိုတော့ အောက်ခြေကျေးရွာတွေမှာ လယ်ယာမြေနဲ့ ပတ်သက်တဲ့ မလုပ်တတ်မကိုင်တတ်တာတွေကို ဒီရုံးမှာလာပြီး အကူအညီယူနိုင်ဖို့ မျှော်လင့်တယ်ဗျ။” ဟု ဘားအံမြို့နယ်၊ ကော့စကလိုကျေးရွာမှ တောင်သူ ဦးထွန်းက ပြောသည်။

ဘားအံမြို့တွင် ဦးစောမောင်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည့် ၈၈ ကရင်ကျောင်းသားအစည်းအရုံးအနေ ဖြင့် ဒေသခံလယ်သမားများ၏ လယ်ယာမြေကိစ္စများတွင် ဦးဆောင်ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်အတွက် ဦးစောမောင်ကြီး ကိုယ်တိုင် (၂)ကြိမ်ထောင်ကျခံခဲ့ရပြီး လုပ်ဖော်ကိုင်ဘက် (၂၀)ဦးအထိ လယ်ယာမြေအတွက်  ထောင်ကျခဲ့ရကြောင်း သိရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာ(၂၇) ရက်တွင် လူအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီရုံး နှင့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂရုံးတို့ကို ပြည်နယ်အဆင့်ဖွင့်လှစ်ကာ မြို့နယ် အဆင့်ရုံးများကိုလည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများမှသိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …