Monday , May 29 2017
Home / FNews / KG တန်းတက်ရောက်နေသည့်ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့်ရိုက်နှက်မှု မိဘအုပ်ထိန်းသူများက သတင်းစာရှင်းလင်း

KG တန်းတက်ရောက်နေသည့်ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့်ရိုက်နှက်မှု မိဘအုပ်ထိန်းသူများက သတင်းစာရှင်းလင်း

ချိုမာအောင်(မြစ်မခ)

မော်လမြိုင်၊ အောက်တိုဘာ (၁၂) ရက်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် KG တန်းတက်ရောက်နေသည့် ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့် မျက်လုံး၊ ကျော၊ တင်ပါးတို့အား ရိုက်နှက်အပြစ်ပေးခြင်းကြောင့် ကလေးအုပ်ထိန်းသူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို မော်လမြိုင်ရှိ မြန်မာပြည်(တောင်ပိုင်း)ဂျာနယ်လစ်ကွန်ရက်ရုံး၌ အောက်တို ဘာ ၁၂ ရက်၊ နံနက်(၁၀)နာရီတွင် ကလေးအုပ်ထိန်းသူအပါအဝင် ကလေးအခွင့်အရေးဆိုင်ရာလှုပ်ရှားနေ သည့် မေတ္တာဆုံဆည်းအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

“ကလေးကိုရိုက်တော့ ညနေကျောင်းလွှတ်ချိန်၊ ကလေးကငိုပြီးလာတယ်။ ဆရာမရိုက်တယ် ပြောတယ်။ ကျွန်မ မြေးကိုကြည့်လိုက်တော့ ခေါင်း၊ မျက်စိ၊ တင်ပါး၊ ကျောတွေမှာ အရှိုးရာတွေအများကြီး မျက်နှာမှာဆိုလည်း သွေးခြေဥနေတယ်။ ဒါနဲ့ အတန်းပိုင်ဆရာမဆီသွားတယ်၊ သူက မရိုက်ဘူးပြောတယ်။ ကလေးက ဒီတုတ်နဲ့ရိုက် တယ်ပြောမှ ဆရာမက ခဲတံခိုးလို့ရိုက်ရတာပါလို့ပြောတယ်။ ကျွန်မမြေးကို ရိုက်လည်းရိုက်တယ်။ ကလေးစိတ် ဒဏ်ရာဖြစ်အောင် ခဲတံခိုးလို့ရိုက်တာပြောတဲ့အတွက် မြို့နယ်ပညာရေးမှူးကို ဖြစ်ဖြစ်ချင်းညနေမှာ သွားပြော ပေမယ့် အခုချိန်ထိ ဆရာမကို အရေးယူမှုတစ်စုံတစ်ရာမတွေ့ရဘူး။”ဟု ရိုက်နှက်ခံရသည့်ကလေး၏အဘွားဖြစ် သူ ဒေါ်ခင်ကြည်ကပြောသည်။

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၁)မူလတန်းလွန်ကျောင်း၊ KG တန်းတွင် တက်ရောက်ပညာသင်ကြား နေသည့် အသက်(၅)နှစ်ခွဲအရွယ်၊ မောင်ဝေယံမင်းဆက်အား ၂၀၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်တွင်အတန်းပိုင် ဆရာမက မျက်လုံး၊ ကျော၊ တင်ပါး၊ ခေါင်းတို့အား ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်ကြည်ကပြောသည်။

ကလေးငယ်အား သူခိုးတစ်ဦးအဖြစ်စွပ်စွဲကာ ရိုက်နှက်မှုနှင့်ပတ်သက်၍ ကလေး၏ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများရစေသည့်အတွက် ကလေး၏ အနာဂတ်အားထိခိုက်စေသည့်အပြင် ကလေးသူငယ် ဥပဒေအား ချိုးဖောက်ရာရောက်ကာ နိုင်ငံတော်၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်ကြောင်း မေတ္တာဆုံဆည်းပရဟိတအဖွဲ့ဥက္ကဌ ဒေါ်သီသီနွယ်ကပြောသည်။

“ဒီကိစ္စက ဒီနေ့ဆိုရင် တစ်လကျော်ကြာပါပြီ။ ပညာရေးဌာနအနေနဲ့ ဆရာမကိုအရေးယူတာ မတွေ့ရဘူး။ က လေးကလည်း ကျောင်းမတက်တာ(၁)လကျော်ပြီ။ ကလေးက ဒီကျောင်းကနေ တခြားကျောင်းပြောင်းရင် ဘာကြောင့်ပြောင်းလဲဆိုတဲ့ မှတ်ချက်ကပါလာမယ်။ ကျောင်းတက်ဖို့ကျတော့လည်း ဆရာမကိုမြင်တာနဲ့ က လေးကလန့်နေတယ်။ ကျွန်မပြောချင်တာကတော့ ဆရာမကိုတခြားကျောင်းပြောင်းစေချင်ပါတယ်။ ဒီလိုဆိုရင် ကလေးရဲ့အနာဂတ်လည်း မထိခိုက်ဘူး။ အားလုံးအဆင်ပြေသွားမှာဖြစ်တယ်။”ဟု ဒေါ်သီသီနွယ်က ပြောသည်။

ကလေး၏အုပ်ထိန်းသူများက ၂၀၁၆ စက်တင်ဘာ ၁၀ ရက်တွင် မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံး၊ မွန်ပြည် နယ်ပညာရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ် ရာမတွေ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာရိုက်နှက်ခြင်းနှင့် စိတ်ဒဏ်ရာဖြစ်စေခြင်းအပေါ် အရေးယူဆောင် ရွက်ပေးရန် အောက်တိုဘာ ၁၁ ရက်တွင် မွန်ပြည်နယ် လူမှုရေးဝန်ကြီး၊ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ မွန်ပြည်နယ်လွှတ်တော်မှ တိုင်ကြားစာ၊ အသနားခံ စာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီထံ ထပ်မံတိုင်ကြားထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မော်လမြိုင်မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ဝင်းက ဆရာမဖြစ်သူအား နောက်နောင် တွင် ယခုကဲ့သို့ရိုက်နှက်မှုမျိုးထပ်မံမလုပ်မိစေရန် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ကတိခံဝန်ချက်ရေးထိုးခိုင်း ခြင်း၊ ပြင်းထန်စွာ သတိပေးတားမြစ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“တစ်ကျောင်းလုံးက ဆရာမတွေရော၊ ရိုက်နှက်ခဲ့တဲ့ဆရာမရော ကလေးရဲ့အဖွားဆီမှာ သွားရောက်တောင်းပန် ခဲ့ပြီးပြီ။ နောက်တစ်ချက်က ရိုက်နှက်တယ်ဆိုတဲ့ဆရာမရဲ့အခန်းမှာမနေချင်ရင် နောက်တစ်ခန်းရှိပါတယ်။ အဲဒီ အခန်းကိုပြောင်းဖို့ပြောတယ်။ ကျွန်မတို့ဖက်က ဒီလောက်လုပ်ပေးနေတာကို ကလေးရဲ့အဘွားက ကျေနပ်သင့် ပါတယ်။ ဆရာမကိုကျောင်းပြောင်းဖို့က မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် KG တန်းသင်တဲ့ဆရာက ရှားတယ်။ KG တန်းကိုသင်တန်းတက်ထားတဲ့ဆရာကသာ KG တန်းသင်နိုင်မှာ၊ တခြားကျောင်းကဆရာနဲ့ ပြောင်းခိုင်းဖို့က လည်း အခက်အခဲရှိပါတယ်။”ဟု မော်လမြိုင်မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ဝင်းကပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ အောက်တိုဘာ ၁၂ ရက်၊ ညနေပိုင်းတွင် မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတ ဆင့် ကလေး၏ အုပ်ထိန်းသူ ဒေါ်ခင်ကြည်အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် အကြောင်းကြား ထားကြောင်း သိရသည်။

 

Check Also

ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ မေ(၂၉)ရက်။ မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ ဘုရားကြီးတောင်ကျောင်းတိုက်တွင် မေလ(၂၈)ရက် နံနက်(၈)နာရီမှ (၁၁) နာရီထိ …