Sunday , May 28 2017
Home / သတင်းဆောင်းပါး / သင် . . . ဘယ်လိုလူစားလဲ

သင် . . . ဘယ်လိုလူစားလဲ

လူ (၄)မျိုး ရှိပါတယ်။

(၁) အမှောင်ကလာပြီး အလင်းကို သွားတဲ့လူ

(၂) အမှောင်ကလာလို့ အမှောင်ထဲ ပြန်သွားတဲ့လူ

(၃) အလင်းကလာပြီး အမှောင်သွားတဲ့သူ

(၄) အလင်းကလာပြီး အလင်းထဲ သွားတဲ့လူ

ဒါတွေကတော့ ရှင်းပါတယ်။ လူမူရေး အမြင်ဘက်က ပြောရရင် ဒီလူ (၄) မျိုးဟာ ကာလကိုပြတဲ့ လူတွေပေါ့။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ် အနာဂတ်ရယ်ရှိတဲ့ အထဲမှာ ပစ္စုပ္ပန်ကို ဖွက်ထားတယ်။ ဘာလို့ဆိုတော့ လူတိုင်းဟာ ပစ္စုပ္ပန်ကို မှီတည်နေကြ လို့ပါ ။

 

ဒါကို ကြည့်ခြင်းအားဖြင့် နောက်တစ်မျိုး ဒီလိုလည်းတွေးလို့ ရသေးတယ် အရင်က ကောင်းခဲ့ပေမယ့်၊ နောင်တချိန်ဆိုးချင် ဆိုးသွားရော။ အရင်က ဆိုးခဲ့ပေမယ့်လည်း၊ နောင်တစ်ချိန် ကောင်းချင်ကောင်း ပြန်ရော။ ဒါဟာ ဘာတွေနဲ့ သက်ဆိုင်လဲ။ အချုပ်ကတော့ ပစ္စုပ္ပန်လှုပ်ရှားမူ၊ ပြုပြင်ပြောင်းလဲမူမှာ အဓိကမူတည် နေတယ်ဆိုတဲ့အချက်ကို သွားတွေ့ရပါတယ်။

ဆိုးရွားတဲ့ အတိတ်ကြောင့် ဆိုးညံ့တဲ့ ပစ္စုပ္ပန်အခြေနေမှာ ကောင်းမွန်အောင် ပြုပြင်သွားဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပါပဲ။ ဒီထက် ပိုခက်တာက ကောင်းမွန်တဲ့ အတိတ်ကြောင့် ကောင်းမွန်တဲ့ ပစ္စုပ္ပန် အခြေအနေမှာ ပိုပြီးကောင်းမွန်အောင် ပြုလုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်တဲ့ ကိစ္စမျိုးပါပဲ။

ဆိုလိုရင်းကတော့ ပစ္စုပ္ပန် ကောင်းမွန်နေဖို့ လိုရင်းပါပဲ။ အတိတ်နဲ့ အနာဂတ်ဆိုတာ လက်လှမ်းမမှီတဲ့ အရာတွေမို့လို့ မေ့ထားမယ်ဆိုရင်လည်း မေ့ထားလို့ရပါတယ်။ အရေးကြီးတာက လက်ရှိသာ ကောင်း အောင်နေထိုင်ပြောဆို၊ ကျင့်ကြံသွားမယ်ဆိုရင်.. တူညီတဲ့ရလဒ်တစ်စုံရဲ့ လားရာ လမ်းကြောင်း ကတော့ ကောင်းမွန်နေမယ်ဆိုတာ သံသယမထားသင့်ပါဘူး။ မစောဘူးစ၊ မနှောင်းဘူးလုပ်။

လူ (၃) မျိုးရှိပါတယ်။

(၁) ထင်တစ်လုံးနဲ့လူ

(၂) ၀န်းကျင်လူ

(၃) မူရင်းလူ

အဲ့ဒီ (၃) မျိုးမှာ အပေါ်နှစ်မျိုးကတော့ ကော်ပီတွေ၊ လူအစစ်မဟုတ်ဘူး။ မူရင်းလူကမှ လူအစစ်။ ထပ် ရှင်းအောင် လင်းရရင်။

ထင်တစ်လုံးနဲ့ လူဆိုတာအတ္တကြီးတဲ့ လူတွေ ငါသိပ်တော်တာပဲ..၊ ငါသိပဲတတ်တာပဲ။ ငါမရှိလို့ မဖြစ်ဘူးဆိုတဲ့ လူတွေ။ နောက်တစ်မျိုးက အတ္တနည်းတဲ့လူတွေ။ ငါအရမ်းညံ့တာပဲ အရမ်းဖျင်းတာပဲ။ ငါဟာ လောက အတွက် ဘာမှ အသုံးမ၀င်ဘူးလို့ ကိုယ့်ကိုယ်ကို နှိမ်ပြီးထင်ကြတယ် ဒီလိုမျိုး ထင်တစ်လုံးနဲ့ တွေးမြင်ကြတဲ့လူဟာ ထင်တစ်လုံးနဲ့လူပါ။

ဝန်းကျင်လူကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ပျောက်နေတယ်။ ကိုယ့်ဘာကိုယ် ဘာမှန်းတောင်မသိပဲ ဇဝေဇ၀ါ ဖြစ်ပြီး ပတ်ဝန်းကျင်က ပြောသမျှကိုပဲ အဟုတ်ထင်လေ့ရှိတယ်။ လူ့ဝါဂွမ်းပေါ့။ အများ အမြင်ကိုပဲ လိုက်ပြီး ယုံလေ့ရှိတယ်။ ကိုယ်ပိုင်ခံယူချက် နည်းတယ်။ အများက ချီးမွှမ်းရင်လည်း ပျော်လိုက်တာပဲ။ ကဲ့ရဲ့ရင်လည်း ၀မ်းနည်းလိုက်တာပဲ။ လေနှင်ရာ လွင့်နေသလိုပေါ့။ ကျောရိုးမဲ့ လူ တစ်မျိုးပေါ့။ ၀န်းကျင်စကားကိုပဲ အလေးထားလွန်းတဲ့အခါ ကိုယ်ပိုင်ပုံစံပျောက် သွားတတ်ရဲ့။

မူရင်းလူကမှ နဂိုလူ။ အရှိအရှိတိုင်း မိမွေးတိုင်ဖမွေးတိုင် ရှိတဲ့လူ။ မယိုင်မလဲ ကျောက်တိုင်အလား အရာရာကို မှန်ကန် သမာသမတ် ကျနစွာအဆိုးအကောင်း အကျိုးအကြောင်းဝေဖန် သုံးသပ်သူ။ ဘယ်လို အရှိန်အ၀ါမျိုးနဲ့မှ မြူဆွယ် ဖျားယောင်းလို့ မရသလို လက်ရှိပစ္စုပ္ပန်ကိုပဲ လက်ခံထားသူ။ အဲ့ဒီလူမျိုးကတော့ ကောင်းရင်လည်း အရမ်းကောင်းသွားနိုင် သလို ဆိုးရင်လည်း ကမ်းကုန်အောင် သြချရလောက်မတတ် ဆိုးတယ်။ ဒါကြောင့် ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ ပြန်စဉ်းစားသင့်ပြီ ထင်တယ်နော်။

လူ (၂)မျိုးဘဲ ရှိပါတယ်။

(၁) လူဆိုး       (၂) လူကောင်း။

အပေါ်ယံကြည့်ရုံနဲ့ အဆိုးအကောင်းခွဲခြားလို့ မရပါဘူး။ လူဆိုးဆိုတာက ပြုပြင်လို့ မရတဲ့လူပေါ့။ ဆိုဆုံးမလွယ်တဲ့လူ၊ မိုက်ရိုင်းဆိုးသွမ်းရမ်းကားတဲ့လူ။ အကုသိုလ် တွေပြွန်းတီးနေတဲ့သူ။ လူဆိုးကို အပေါ်ယံ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ဘာလို့ ဆိုတော့ လူဆိုးဆိုတာ အပေါ်ယံ အလွှာမှာ ထူးထွေ ဆန်းပြား ခြားနားမူမရှိပဲ သာမန်လူလို ကိုယ်လိုပဲမို့လို့ပါ။

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ချော ရုပ်ချော။ ဘယ်လောက်ပဲ ချမ်းသာသာ ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ဥစ္စာရှိတယ်ပြောပြော လူကောင်းလို့မပြောနိုင်ဘူး။ ဘာလို့ဆိုတော့ ဒါတွေက မတည်မြဲတဲ့ အပေါ်ယံလွှာတွေမို့လို့ပါ။ အဲ့ဒီအပေါ်ယံ အလွှာတွေကို ဆွဲခွာချ လိုက်မယ်ဆိုရင် အတွင်းထဲက စိတ်ရင်း စေတနာလေးပေါ်လာမှာ ဖြစ်ပါတယ်။ စိတ်ရင်းစေတနာ ကောင်းတဲ့ လူတော်တော်များများဟာ ကိုယ်ကျင့်တရားလည်း ကောင်းပါတယ်။ စိတ်ချထားခဲ့တဲ့ စေတနာအတိုင်း တစ်ချိန်ပြန်အကျိုးပေးမှာပါ။

ဆင်းရဲသားတွေ သူဌေးသားတွေ ပညာတတ်တွေ သူတောင်းစားတွေ ဂိလာနတွေ ဆွံ့အနား မကြားတွေကို အားလုံးတန်းစီထားကြည့်ပါလား။ လူဟာ လူဆိုတာထက် ဘာများပို ထူးခြားနေဦးမှာလဲ လူဟာ လူထက် ပိုထူးခြားချင်နေပြီဆိုရင်တော့ ဒါစိတ်ရောဂါတစ်မျိုးပဲ။ ဒီလိုလူကို ကျွန်တော်တော့ လူကောင်း စာရင်းထဲ မသွင်းချင်ဘူး။ ကိုယ့်ဆရာတို့ လက်ခံမခံတော့ မသိဘူး။ လူဆိုတာ အသား အရောင်၊ လူမျိုးနဲ့ဘာသာ၊ အဆင့်အတန်း၊ ဇာတ်နိမ့်/မြင့်၊ ဂုဏ်သိမ်ရာထူး၊ အထက်တန်းလွှာ အောက်တန်းစားတွေ ဘယ်လောက်ပဲကွဲကွဲ လူဟာ လူပါပဲနော်။ အဲဒီလူလူချင်း အတူတူထဲမှာမှ မကောင်းမူကို တွေးကြံ၊ ပြောဆို၊ ပြုလုပ်သူကို လူဆိုးလို့ ဘာသာတရားက သတ်မှတ်ထားပါတယ်။

လူကောင်းဆိုတာတော့ လူဆိုးရဲ့ ဆန့်ကျင်ဘက်ပေါ့။

Check Also

ABSDF မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသူရဲမေခင်ချိုဦးအကြောင်း ပြန်လည်တူးဖော်ခြင်း

မခင်ချိုဦး ဖခင်နှင့် တွေ့ဆုံမေးမြန်းခြင်း (၁) အိမ်ရှေ့ခန်းက ဧည့်ခန်းထဲမှာ အမြဲတမ်းခင်းထားပုံရတဲ့ ဖျာနဲ့အညာစောင်ကို အိပ်ရာလုပ်ပြီး ခင်းထားတဲ့ အိပ်ရာ ပေါ်မှာ အသက် ၇၀ ကျော်အရွယ်၊ …